နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ထိရောက်အကျိုးရှိစွာဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ထိရောက်အကျိုးရှိစွာဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၁၂ ရက်တွင် မကွေးတိုင်း၊ မင်းဘူးမြို့မှ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်မှသာ ပို့ကုန်များတိုးမြှင့်ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်လာမည်ဖြစ်၍ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို ထိရောက်အကျိုးရှိစွာဆောင်ရွက်ရမည်ဖြစ်ကာ ဒေသနှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အလုပ်လုပ်ကြရမည်ဟု ပြောကြားသည်။
စိုက်ပျိုးသီးနှံများအထွက်နှုန်းကောင်းမွန်ပါက ကျေးလက်နေသူများ၏ လူမှုစီးပွားဘဝများတိုးတက်မြင့်မားလာပြီး လူနေမှုအဆင့်များလည်းတိုးတက်မြင့်မားလာမည်ဖြစ်၍ ဒေသ၏ စီးပွားရေးအားကောင်းမွန်မှုရှိစေရေးကြိုးပမ်းအားထုတ်ကြရန်လည်း မှာကြားခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အားကစားကဏ္ဍစသည်ဖြင့် ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်ရန်လိုသကဲ့သို့ အတွေးအခေါ် မှားနေသူများကိုလည်း ပြင်ပေးကြရမည်ဖြစ်ကာ အသိအမြင်၊ အတွေးအခေါ် ကောင်းများနှင့် ပြည့်စုံသည့် အနာဂတ်လူငယ်များထွက်ပေါ်လာစေရေးဆောင်ရွက်ကြရမည်ဟုလည်း ပြောကြားသည်။
မြို့ပြတည်ဆောက်ရေးတွင် လူနေမှုစနစ်များမြှင့်တင်နိုင်ရေးစဉ်စားဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်းနေထိုင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ဒေသတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံထူးချွန်သည့် ကလေးငယ်များဖြစ်စေရေး၊ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများမြှင့်တင်ရေးတို့အတွက် ရပ်မိရပ်ဖများကဦးဆောင်ဦးရွက်ပြုဆောင်ရွက်ကြရန်လည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။