2 ပတ် - ဘာသာပြန်ပါ။

ITV အင်တာဗျူးတွင် ဒေါသတကြီး ဝေဖန်သွားတဲ့ တူချယ်အား တုံ့ပြန်လာခဲ့တဲ့ ဘယ်လင်ဂမ်
==================

ဂျူ့ဘယ်လင်ဂမ်ဟာ နော်ဝေအား အနိုင်ရတဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှ ခြေစွမ်းအပေါ် အားမလို အားမရဖြစ်ကာ ဝေဖန်မှုများ ပြုလုပ်သွားတဲ့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်အား တုံ့ပြန်ပြောဆိုလာပါတယ်။
အသက် ၂၃ နှစ်ရှိ ရီးရဲလ်မက်ဒရစ်စူပါစတားဟာ နော်ဝေအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် အင်္ဂလန်အတွက် အဖိုးတန် ၂ ဂိုးအား သွင်းယူကာ သူရဲကောင်းထပ်မံ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ နော်ဝေအား အနိုင်ရတဲ့ပွဲအပြီးတွင် အင်္ဂလန်ကစားသမားများ အကြီးအကျယ် အောင်ပွဲခံနေချိန်မှာ ပြုလုပ်တဲ့ အင်တာဗျူးအတွင်းတွင် ကစားသမားများရဲ့ ခြေစွမ်းကို ဝေဖန်မှု ပြုလုပ်သွားခဲ့တာလည်း ဖြစ်ပါတယ်။
ဂျာမန်လူမျိုးနည်းပြက "ဒီခြေစွမ်းအပေါ် မပျော်ပါဘူး။ ဒီကနေ့ ကျွန်တော့်ကို ကိုယ့်ဘဝကို ခက်ခဲသထက် ခက်ခဲအောင် လုပ်နေခဲ့ကြတယ်။ ရလဒ်က အရမ်းကောင်းတယ်။ ကျွန်တော်တို့ နောက်ဆုံး ၄ သင်းကို တက်နိုင်ခဲ့ပြီ။ အရမ်းအံ့ဩစရာကောင်းတယ်။ ဒါပေမဲ့ ခြေစွမ်းအပေါ် မပျော်ပါဘူး။ အစွမ်းကုန်ကြိုးပမ်းကြတယ်။ ဒါပေမဲ့ ကစားပုံက ကိုယ့်ကိုယ်ကို ခက်ခဲအောင် လုပ်နေခဲ့ကြတယ်။ ခြေစွမ်းအပေါ် မပျော်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ သောမတ်စ်တူချယ်က အင်တာဗျူး ပြုလုပ်မှုအပြီးတွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဘယ်လင်ဂမ်က အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။
ယင်းအင်တာဗျူးမှာတော့ ဘယ်လင်ဂမ်က "ကျွန်တော်တို့ ဘယ်လို အခြေအနေမျိုးမှာ ကစားရတယ်ဆိုတာ သူ သိပုံမရပါဘူး"လို့ ပြောကြားသွားပါတယ်။
ယင်းနောက် ဘယ်လင်ဂမ်ဟာ "ဘယ်လိုပဲ ဖြစ်ဖြစ်လေ"လို့ ပြောဆိုကာ မျက်လုံးဝေ့ရမ်းပြီး စဉ်းစားနေခဲ့ပါတယ်။
ပြီးနောက် ၎င်းက "အရမ်းခက်ခဲတယ်။ တော်တော်ကြမ်းတယ်။ သူ့အနေနဲ့ အာလင်းဟာလန်း၊ နူဆာ၊ ဆော်လော့တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ရတာ ဘယ်လိုလဲဆိုတာ သိပုံမရပါဘူး။ ကစားရ လွယ်ကူတဲ့အသင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ဖန်တီးနိုင်ခဲ့လို့ နောက်ဆုံး ၄ သင်းစာရင်းသို့ ဆက်တက်နိုင်ခဲ့လို့ ထင်တယ်။ ဘောလုံးပေးပို့မှု အကြိမ်တစ်ထောင်လောက် လုပ်ပြီး ပွဲတိုင်း အနိင်ရနေဖို့ မလိုပါဘူး။ တခါတလေ ညစ်ပတ်ပြီး အနိုင်ယူဖို့လည်း လိုတယ်"လို့ ပြောကြားသွားပါတယ်။
တူချယ်နှင့် ဘယ်လင်ဂမ်တို့ဟာ ယခင်တုန်းကလည်း ရန်ကြွေးရန်စ ရှိခဲ့ကြဖူးသူများ ဖြစ်ပါတယ်။
တူချယ်က ယခင်တုန်းက ဘယ်လင်ဂမ်ရဲ့ အပြုအမူမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းကြောင်း ဝေဖန်ခဲ့ဖူးပြီး ယင်းပြောဆိုမှုအတွက် တောင်းပန်ခဲ့ရဖူးပါတယ်။
သူဟာ အောက်တိုဘာလတုန်းက နိုင်ငံတကာပွဲစဉ်များတွင် ဘယ်လင်ဂမ်ကို ချန်လှပ်ခဲ့ဖူးပါတယ်။ ယင်းချန်လှပ်မှုကြောင့် ဘယ်လင်ဂမ်ရဲ့ အင်္ဂလန်အသင်းအနာဂတ်မှာ မရေမရာ ဖြစ်ခဲ့ရဖူးပါတယ်။
ဒါပေမဲ့ ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၆ ဂိုးအထိ သွင်းယူကာ အင်္ဂလန်အား ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ ပို့ဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။

image