AI သိပ္ပံကျောင်းကို ဦးဆောင်ဖို့ နိုဗယ်ဆုရ အမေရိကန် ဓာတုဗေဒပညာရှင် တရုတ်နိုင်ငံကို ပြောင်းရွှေ့
ပြီးခဲ့တဲ့နှစ်က ဓာတုဗေဒနိုဗယ်ဆုကို ပူးတွဲရရှိခဲ့ပြီး အမေရိကန်ကို ဓာတုဗေဒပညာရှင် အိုမာ ယာဂီ(Omar Yaghi) ဟာ ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေ (UC Berkeley) ပါမောက္ခရာထူးကနေ နှုတ်ထွက်ပြီး တရုတ်နိုင်ငံကို ပြောင်းရွှေ့သွားပါပြီ။ သူဟာ တရုတ်နိုင်ငံမှာ ဒြပ်ပစ္စည်းအသစ်တွေ ရှာဖွေတွေ့ရှိမှုကို ပိုမိုမြန်ဆန်လာစေဖို့ AIနည်းပညာကို အသုံးပြုမယ့် သိပ္ပံကျောင်းတစ်ခုကို ဦးဆောင်မှာ ဖြစ်ပါတယ်။
ဒေါက်တာယာဂီရဲ့ အခုလို ပြောင်းရွှေ့မှုဟာ ထရမ့်အစိုးရလက်ထက် အမေရိကန်ရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ရန်ပုံငွေတွေ ဆက်တိုက် အဆင်မပြေဖြစ်နေတဲ့ အခြေအနေမှာ ပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့အပတ်က ပေကျင်းမြို့က ဆင်းဟွာ(Tsinghua) တက္ကသိုလ်မှာ ဒေါက်တာယာဂီကို ခန့်အပ်တဲ့ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပြီး သူ့ကို ကမ္ဘာ့အထူးချွန်ဆုံး ဓာတုဗေဒပညာရှင်တွေထဲက တစ်ယောက်လို့ ချီးကျူးခဲ့ပါတယ်။ တက္ကသိုလ်ဘက်က ပြောတာကတော့ ဒေါက်တာယာဂီဟာ ဒီရာထူးအသစ်ကို “အရှိန်လျှော့ဖို့ ဒါမှမဟုတ် လုပ်ပြီးသားတွေကို ထပ်လုပ်ဖို့ မမဟုတ်ဘဲ အရင်ကထက် ပိုပြီး တက်ကြွမှု၊ ပိုပြီး အာရုံစိုက်မှု၊ ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ သိပ္ပံပညာကို လုပ်ဆောင်ဖို့” အခွင့်အရေးတစ်ခုအနေနဲ့ မြင်တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန် သိပ္ပံတိုးတက်ရေးအသင်းက ဘတ်ဂျက်လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ အလက်ဇန်းဒြား ဇင်မာမန်း(Alessandra Zimmermann) က “တရုတ်နိုင်ငံဟာ ဓာတုဗေဒအပါအဝင် သိပ္ပံကဏ္ဍတစ်ခုလုံးမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်နေပါတယ်” လို့ ပြောပါတယ်။ သိပ္ပံပညာအောင်မြင်မှုရဲ့ အကောင်းဆုံး တိုင်းတာချက်တွေအရ တရုတ်နိုင်ငံဟာ “ထိပ်တန်း ဓာတုဗေဒ သုတေသနစာတမ်းတွေ ထုတ်ဝေမှုအပိုင်းမှာ အမေရိကန်ထက် သာလွန်နေတယ်” လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။