ပစ္စည်းအဝင်နည်းပြီး ပြည်ပဝယ်လိုအားကောင်းနေလို့ မတ်ပဲ၊ မြေပဲ နဲ့ ကြက်သွန်နီစျေးဆက်တိုက်တက်လာ

ပြည်ပတင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေထဲမှာ မတ်ပဲ ၊ မြေပဲ နဲ့ ကြက်သွန်နီက စျေးနူန်းဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်လည်းသွက်နေတယ်လို့ ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက စုံစမ်းသိရှိရပါတယ်။
ပို့ကုန်ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲက ဇွန်လ ၁၆ ရက်ကစပြီး စျေးဆက်တိုက်တက်လာတာဖြစ်ကြောင်း ၊ဇွန် ၁၅ ရက်နေ့တုန်းကဆိုရင် မတ်ပဲ FAQ တတန်ကို ၃၀၇၉၀၀၀ ကျပ်သာရှိခဲ့ပြီး အခု ဇူလိုင် ၁၀ ရက်နေ့မှာတော့ တတန်ကို ၃၃၅၆၀၀၀ ကျပ်ရှိလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ မတ်ပဲ တတန်ကို ကျပ်သုံးသိန်းနီးပါးအထိ စျေးတက်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာ အိန္ဒိယက မတ်ပဲလိုအပ်ချက်ရှိနေပြီး ဝယ်လိုအားကောင်းနေတဲ့အတွက် မြန်မာ့မတ်ပဲစျေးကလည်း ဆက်တိုက်မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
" မတ်ပဲ တက်မယ်လို့ ခန့်မှန်းထားပြီးသားပါ ။ အခုရက်ပိုင်းမှာ ပိုပြီး တက်လာတယ်။ ထပ်တက်အုံးမယ့် အခြေအနေရှိတယ်။ အိန္ဒိယက မတ်ပဲ ဝယ်လိုအားရှိနေတယ်။ မတ်ပဲက အိန္ဒိယကိုပဲ အားကိုးရတာလေ ။ အဲဒီတော့ အိန္ဒိယကလည်း သူတို့လိုရင် စျေးကောင်းပေးဝယ်တယ်။ မလိုရင် စျေးချဝယ်တာတောင် နည်းနည်းပဲဝယ်တာ။ " လို့ ကုန်သည်တယောက်က ပြောပါတယ် ။
အလားတူ မြေပဲဆံကလည်း ပွဲရုံတွေကို ကုန်ပစ္စည်း ဝင်ရောက်မှု အလွန်နည်းလာတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတာကြောင့် ပဲဆံစျေး ခုရက်ပိုင်းမှာ ဆက်တိုက်မြင့်တက်လာ နေတယ်လို့ သိရပါတယ်။
တဖက်မှာလည်း စားအုန်းဆီပြည်ပကနေ တင်သွင်းမှုကို လျှော့ချလိုက်တဲ့အတွက် ပြည်တွင်းမှာ စားအုန်းဆီဝယ်ယူရခက်တဲ့အခြေအနေ၊ စျေးနူန်းမြင့်တက်ပြီး ပဲဆီစျေးတန်းနဲ့ သိပ်မကွာတော့တဲ့ အခြေအနေတွေ ကြောင့် မြေပဲဆီစားသုံးမှု ပိုများလာပြီး စက်ပိုင်တွေက မြေပဲဝယ်လိုအားများတဲ့အတွက်လည်း မြေပဲစျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
" မြေပဲက အခုက စျေးကွက်ထဲ သိပ်မဝင်တော့ဘူး ။ အဝင်နည်းလာတယ်။ ပစ္စည်းကောင်းရှားလာတယ်။ တချို့စက်ပိုင်တွေ ကတော့ သိုလှောင်ထားတာ များတယ်။ တချို့ကျ သိပ်မရှိတော့ အတင်းလိုက်ဝယ်နေရတယ်။ အခုက စားအုန်ဆီကလည်း တင်သွင်းတာလျှော့ချလိုက်တော့ ပြည်တွင်းက ဆီပိုထုတ်ရမယ့် အခြေအနေဖြစ်သွားတယ်။ မြေပဲကလည်း သြဂုတ်လကုန်လောက်မှ ပေါ်မှာဆိုတော့ ပဲအသစ်ပေါ်ဖို့ကလိုသေးတယ်။ " လို့ ပဲပွဲရုံပိုင်ရှင်တယောက်က ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့ မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံ တစ်ပိဿာကို ၁၂၈၀၀ မှ ၁၃၃၀၀ ကျပ်၊ S1ဆီဆံက ၁၂၃၀၀ မှ ၁၃၂၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၂၅၀၀ မှ ၁၃၀၀၀ ကျပ်၊ အနီဆီဆံက ၁၁၃၀၀ မှ ၁၂၅၀၀ ကျပ်အထိ ရှိပါတယ်။
ဇူလိုင် ၁ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာဆိုရင် S1လုံးဆံ တစ်ပိဿာကို ၁၁၄၀၀ မှ ၁၁၅၀၀ ကျပ်၊ S1ဆီဆံက ၁၀၅၀၀ မှ ၁၁၀၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၀၄၀၀ မှ ၁၁၅၀၀ ကျပ်၊ အနီဆီဆံက ၁၀၃၀၀ မှ ၁၀၅၀၀ ကျပ်သာရှိခဲ့တာကြောင့် တပတ်ကျော်အတွင်းမှာ မြေပဲဆံတပိဿာကို ၁၀၀၀ ကနေ ၂၂၀၀ ကျပ်လောက် စျေးတက် လာပါတယ်။

image