အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းသည့်အဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု
Five-Point Consensus သည် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် မကိုက်ညီဟု အဆိုတွင် ဖော်ပြ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် တင်သွင်းထားသည့် "အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) ကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့်အဆို" ကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် သဘောတူအတည်ပြုခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယကက အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူ ရပ်တည်မှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးဆိုသည့် အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိအခြေအနေနှင့်လည်း ကိုက်ညီမှုမရှိသဖြင့် လိုအပ်သလို ပြန်လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းသည့်အဆိုအား အတည်ပြုကြောင်း ကြေညာခဲ့ပြီး၊ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ (၈၁) နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုကို ဇွန်လ ၂၆ ရက်တွင် စတင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ အာဆီယံ၏ လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးအပေါ် သက်ရောက်မှုရှိနေကြောင်း၊ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေများနှင့်လည်း ကိုက်ညီမှုမရှိတော့သဖြင့် Five-Point Consensus ကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အဆိုတွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် (၃၀) ဦးက ထောက်ခံဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

image