အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား(၂၃၉)ဦးကို လွှဲပြောင်းပေးအပ်
ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၃၉)ဦးတို့အား ယနေ့ ဇူလိုင် ၈ ရက်က သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၎င်းတို့ အားလူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ မြန်မာ- ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၈ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄,၇၃၁)ဦးအနက် (၁၃,၈၁၁)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံ သား(၉၂၀)ဦးတွင် (၇၀၉)ဦးမှာ မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလော)ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သူများဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ကျန်ပြည်ပနိုင်ငံသား(၂၁၁)ဦးတို့အား သက် ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။