1 ပတ် - ဘာသာပြန်ပါ။

တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များ ပြန်လည်ထူထောင်ရေးအတွက် MSME၊ စိုက်ပျိုးမွေးမြူရေးနှင့် အဆောက်အအုံကဏ္ဍများကို ဝိုင်းဝန်းမြှင့်တင်ရန် ဆောက်လုပ်ရေးဒုတိယဝန်ကြီး မှာကြား

ဒေသခံများအတွက် အလုပ်အကိုင်နှင့် စားဝတ်နေရေးကို အထောက်အကူပြုစေမည့် သက်ရောက်မှုရှိသော ချဉ်းကပ်မှု
ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ
ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဇူလိုင်လ ၇ ရက်နေ့က ဟားခါးမြို့ရှိ ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအားလုံး ကျရာကဏ္ဍအလိုက် ဟန်ချက်ညီညီ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အဓိကလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အောက်ပါအတိုင်း လေးနက်စွာ မှာကြားခဲ့သည် -
"ကျွန်တော်တို့ရဲ့ အဓိက အရေးကြီးဆုံး လုပ်ငန်းတာဝန်ကတော့ တီးတိန်မြို့၊ တွန်းဇံမြို့နဲ့ ဖလမ်းမြို့တွေရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးဆိုတဲ့ နေရာမှာ ရုံးဌာနတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင် တည်ဆောက်တာတင်မကဘဲ ဒေသခံတွေရဲ့ အခြေခံစီးပွားရေးဖြစ်တဲ့ အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းတွေ၊ သမဝါယမစနစ်တွေအပြင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့်အတူ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့ ဒေသတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ညွှန်ကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့များတွင် လက်ရှိဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်း အစီအစဉ်များကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
တင်ပြချက်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တစ်ပါးတည်း ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်

image