ကွန်ဆာရဲ့အနီကတ်ကို အယူခံဝင်ရန် အက်ဖ်အေ အလေးအနက်ထား စဉ်းစားနေ
===================
အက်ဖ်အေဟာ မက္ကဆီကိုနိုင်ပွဲမှ အင်္ဂလန်နောက်ခံလူဂျာရဲလ်ကွန်ဆာရဲ့ အနီကတ်ပြစ်ဒဏ်အား အယူခံဝင်ရန် အလေးအနက်ထား စဉ်းစားနေပါတယ်။
ကွန်ဆာဟာ တနင်္ဂနွေနေ့တုန်းက ပူးတွဲအိမ်ရှင်အား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၄ မိနစ်တွင် ဂျီးဆပ်စ်ဂယ်လာဒိုအား ဖျက်ထုတ်မှုအတွက် အနီကတ်ပြသခံခဲ့ရပါတယ်။
ယင်းပြစ်ဒဏ်ကျူးလွန်မှုမှာ ပြင်းထန်ရာ လေဗာကူဆင်နောက်ခံလူမှာ ၂ ပွဲအထိ တိုးမြှင့်ချမှတ်ခံရနိုင်ခြေ ရှိပါတယ်။
ဒါပေမဲ့ အက်ဖ်အေဟာ အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်မှုကြောင့် အနီကတ်ကြောင့် ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲကျခံခဲ့ရရာ ကွန်ဆာရဲ့အနီကတ်ကို အရေးယူရန် စဉ်းစားလာပါတယ်။
ထရမ့်ဟာ ဘော့စနီးယားပွဲစဉ်တွင် အနီကတ်ပြသခြင်းခံခဲ့ရတဲ့ ဘာလိုဂန်ရဲ့ အနီကတ်အား ပြန်လည်သုံးသပ်ပေးရန် ဖီဖာဥက္ကဌအင်ဖန်တီနိုအား တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ဖီဖာကလည်း ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် ဘာလိုဂန်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
ဘာလိုဂန်ဟာ ဆိုင်းငံ့ပြစ်ဒဏ်ကြောင့် ယနေ့ အစောပိုင်းတုန်းက ဘယ်ဂျီယံကို ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ပါဝင်ကစားနိင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ခွင့် မရှိပေမဲ့လည်း ဖီဖာက စည်းမျဉ်းအပုဒ် ၂၇ အား အသုံးချကာ ဘာလိုဂန်ကို ဆိုင်းငံ့ပြစ်ဒဏ်ချမှတ်လာတာပါ။
ယခင်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယင်းသို့ အဖြစ်အပျက်မျိုး မရှိခဲ့ပါဘူး။
တဖက်တွင် ပြင်သစ်အသင်းဟာလည်း ပါရာဂွေးနိုင်ပွဲမှ မိုက်ကယ်အိုလီဆီရဲ့ အဝါကတ်ပြစ်ဒဏ်အား အယူခံဝင်ရန် စဉ်းစားနေကြောင်း သတင်းထွက်နေပါတယ်။