2 ရက် - ဘာသာပြန်ပါ။

ဘာလိုဂန်ပွဲပယ်အား ပြန်လည်သုံးသပ်ပေးရန် ဖီဖာကို တောင်းဆိုခဲ့ကြောင်း ဒေါ်နယ်ထရမ့် အတည်ပြုလာ
====================

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်ရဲ့ ကမ္ဘာ့ဖလား ၁ ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးရန် ဖီဖာကို တောင်းဆိုခဲ့ကြောင်း အတည်ပြုလာပါတယ်။
အသက် ၂၅ နှစ်ရှိ ဘာလိုဂန်ဟာ ဘော့စနီးယားအား အနိုင်ရရှိတဲ့ ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ပြိုင်ဘက်နောက်ခံလူတာရစ်ခ်မူဟာရီမိုဗစ်ကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဘာလိုဂန်ဟာ ယင်းအနီကတ်ကြောင့် အလိုအလျှောက် ၁ ပွဲပယ်ကျခံရမှာ ဖြစ်ပြီး အင်္ဂါနေ့ ဘယ်လ်ဂျီယံနှင့် ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်လာပါမယ်။
ဒါပေမဲ့ တနင်္ဂနွေနေ့မှာတော့ ဖီဖာက ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်အား တစ်နှစ်ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာကြောင်း ကြေညာလာပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမေရိကန်အတွက် ၃ ဂိုးသွင်းပေးထားနိုင်တဲ့ ဘာလိုဂန်ဟာ ဘယ်လ်ဂျီယံနှင့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် ပါဝင်ကစားလာနိုင်ပါမယ်။
တနင်္လာနေ့ အိမ်ဖြူတော်တွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒေါ်နယ်ထရမ့်က ပြစ်ဒဏ်ဘောလို့ မယူဆတာကြောင့် ဖီဖာအား ပြန်လည် သုံးသပ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
ဒေါ်နယ်ထရမ့်က ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုအား ဘာလိုဂန်ပွဲပယ်ကို ပြန်လည်သုံးသပ်ပေးရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဆိုင်းငံ့ပြစ်ဒဏ်သို့‌ ပြောင်းလဲချမှတ်ရန် မပြောကြားခဲ့ကြောင်း ဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်က "ကြီးကျယ်တဲ့ အားကစားသမားနှစ်ဦး မတော်တဆ တိုက်မိပြီး ငြိသွားခဲ့တာ။ ပွဲပယ်က အစွန်းအထင်တစ်ခုအနေနဲ့ ကျန်ခဲ့မယ်လို့ ထင်တယ်။ ဘာလုပ်ရမယ်လို့ သူတို့ကို မပြောခဲ့ပါဘူး။ ဒီဆုံးဖြတ်ချက်ကို သူတို့ ချမှတ်တာ မဟုတ်ပါဘူး။ ကော်မရှင်က ဆုံးဖြတ်ခဲ့တာပါ။ ပြီးတော့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ"လို့ ပြောကြားသွားပါတယ်။
ဖီဖာဟာ ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာမှုနှင့်အတူ ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်နှင့် ယူအီးအက်ဖ်အေတို့ရဲ့ ဝေဖန်မှုများ ခံခဲ့ရပါတယ်။
ဖီဖာဥက္ကဌအင်ဖန်တီနိုဟာ ဒေါ်နယ်ထရမ့်နှင့် ပုဂ္ဂိုလ်ရေးခင်မင်သူ ဖြစ်ပြီး ဒီဇင်ဘာလတုန်းက ဖီဖာငြိမ်းချမ်းရေးဆုဆိုပြီး ဆုတစ်ခု တီထွင်ကာ ချီးမြှင့်ပေးခဲ့ဖူးပါတယ်။

image