လေဆင်းနှာမောင်းတိုက်လို့ မြို့နယ်ကိုးခုက နေအိမ် ၂၀၀ ထက်မနည်း ပျက်စီးခဲ့ပြီး လူနဲ့သံဃာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့

ရန်ကုန်တိုင်း ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ်ခြေ ၂၀၀ ထက်မနည်း အမိုးလန်ပျက်စီးခြင်း ၊ ပြိုကျခြင်းအပြင် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုတွေဟာ
မနေ့က ဇူလိုင် ၅ ရက်နေ့ ၊ နေ့လယ် ၂ နာရီဝန်းကျင်လောက်ကစပြီး ညပိုင်း ၉ နာရီလောက်အတွင်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ ဆိုရင် မနေ့က ညနေ ၄ နာရီခွဲလောက်မှာ လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားပြီး ညောင်ပင်ဆိပ်ဘုရားကုန်းကျေးရွာမှာ နေအိမ်ကိုးလုံးလောက် အမိုးလန်ပျက်စီးပြီး သစ်ပင်တွေလဲကျမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါင်မြို့နယ် ကဒါမြို့သစ်ဘက်မှာတော့ ည ၇ နာရီခွဲလောက်မှာ လေဆင်နှာမောင်းတိုက်လို့ စာသင်ကျောင်းနှစ်ကျောင်း ၊ ဘုန်းကြီးကျောင်းတကျောင်း ၊ စိုက်ပျိုးရေးစခန်း အပါအဝင် အိမ်ခြေ ၉၀ ကျော်လောက် အမိုးလန်ခြင်း ၊ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး လူ နှစ်ယောက်နဲ့ သံဃာနှစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
" အိမ်ခြေက ခန့်မှန်း ၉၀ ကျော်လောက် ထိခိုက်မှုရှိတယ်။ အဲဒီထဲမှာ ပျက်စီးမှုများတဲ့ အိမ်ကများတယ်။ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ ဆရာတော်တပါးကတော့ မော်လမြိုင်ဆေးရုံကို ပို့လိုက်တယ်။ ကျန်တဲ့ ဆရာတော်ကတော့ ဆေးဘာညာထည့်ပြီး ဆင်းလာပြီ ။ လူတွေလည်းထိခိုက်ဒဏ်ရာရတာရှိပေမယ့် ဆေးရုံတက်ရလောက်တဲ့အထိတော့ မဟုတ်ဘူး။ ရှေးဦးသူနာပြုစုနည်းနဲ့ကုသပေးလိုက်တယ်။ လေဆင်နှာမောင်းတိုက်တာ ပြင်းတယ်။ " လို့ မြေပြင်ကူညီရေးဆောင်ရွက်ခဲ့သူ တယောက်က ပြောပါတယ်။
ရန်ကုန်မှာ ည ၈ နာရီခွလောက်က လေဆင်နှာမောင်းတိုက်ခိုက်လို့ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဘိုသိုးကျေးရွာမှာ နေအိမ် ၃၀ ထိခိုက်ပျက်စီးခဲ့သလို ကွမ်းခြံကုန်းမြို့နယ်၊ မယ်ရကုန်းကျေးရွာအုပ်စု၊ သိုက်ကုန်းကျေးရွာမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်လေး လုံး အမိုးလန်၊ ပြိုလဲ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
သုံးခွမြို့နယ် စံပယ်ချောင်ကျေးရွာအုပ်စု၊ အေးသာယာရွာအရှေ့ဘက်ခြမ်းမှာလည်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တွေ အမိုးလန်ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း အနောက်ပိုင်း ၊ နတ်တလင်းမြို့နယ်မှာလည်း ည ၈ နာရီခွဲလောက်က လေဆင်နှာမောင်း တိုက်လို့ ပဲမခမ်းအုပ်စု ၊ ကန်သာယာရွာမှာ နေအိမ် ၆၀ လောက်မှာ အမိုးလန်ခြင်း ၊ ပြိုကျပျက်စီးခြင်း ၊ သစ်ပင်လဲကျတာတွေ ဖြစ်ပွားခဲ့တဲ့အပြင် လူနှစ်ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

image