နေတန်ယာဟုအနေဖြင့် "ဘယ်သူက ဆရာကြီးလဲဆိုတာ သူသိတယ်"ဟု ထရမ့်ဆို
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ လာမယ့်သီတင်းပတ်ထဲမှာပဲ အိမ်ဖြူတော်ကို လာရောက်လည်ပတ်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့ (ဇူလိုင် ၅၊ ၂၀၂၆) မှာ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ဝန်ကြီးချုပ်ဟာ "ဘယ်သူက ဆရာကြီး လဲဆိုတာ သူသိတယ်" လို့လည်း ထရမ့်ကထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒီလိုတွေ့ဆုံနိုင်ခြေရှိတဲ့အကြောင်းအရာဟာ ဖေဖော်ဝါရီလနှောင်းပိုင်းတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အီရန်နဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုတွေကြားမှာ ခေါင်းဆောင်နှစ်ဦးအကြား တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဖြစ်လာတာပါ။
"ကျွန်တော်တို့ အဆင်ပြေပါတယ်။ [မစ္စတာနေတန်ယာဟုဟာ] ဘယ်သူက ဆရာကြီးလဲဆိုတာ သူသိပါတယ်" လို့ မစ္စတာထရမ့်က Axios သတင်းဌာနနဲ့ ဖုန်းအင်တာဗျူးအတိုလေးမှာ သူ့ကိုယ်သူရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။
အစ္စရေးအရာရှိတစ်ဦးကတော့ မစ္စတာထရမ့်ဟာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်နေ့မှာ တူရကီနိုင်ငံမှာ ကျင်းပမယ့် NATOထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်တဲ့အတွက် လာမယ့်သီတင်းပတ်ဟာ ခရီးစဉ်အတွက် စောလွန်းနေနိုင်တယ်လို့ အမေရိကန်မီဒီယာကို ပြောကြားခဲ့ပါတယ်။
"နောက်တစ်ပတ်ကျမှပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့ အဆိုပါအရာရှိက Axios ကို ပြောပါတယ်။ မစ္စတာနေတန်ယာဟုရဲ့ရုံးကတော့ ခေါင်းဆောင်နှစ်ဦးဟာ သောကြာနေ့ (ဇူလိုင် ၅) က ဖုန်းပြောဆိုခဲ့ကြပြီး အမေရိကန်နိုင်ငံမှာ "မကြာခင်" တွေ့ဆုံဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ဟာ အစ္စရေးရဲ့ အရင်းနှီးဆုံးမဟာမိတ်ဖြစ်ပေမယ့်၊ လက်ဘနွန်မှာ ဟစ်ဇဘိုလာအဖွဲ့နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲကြောင့် အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထိခိုက်မယ့်အခြေအနေရှိလာပြီးနောက် မစ္စတာထရမ့်က မစ္စတာနေတန်ယာဟုကို မကြာသေးမီက လူသိရှင်ကြား ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ နောက်ဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၁ ရက်က ဝါရှင်တန်မှာ တွေ့ဆုံခဲ့ကြပါတယ်။