ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားဘဝမှ မရာ့ဇ် အနားယူလာ
===================
အယ်လ်ဂျီးရီးယားအသင်းခေါင်းဆောင်ရီယက်မရာ့ဇ်ဟာ ဆွစ်ဇာလန်ကို ၂-၀ ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာလာပါတယ်။
အသက် ၃၅ နှစ်ရှိ မန်စီးတီးစတားဟောင်းဟာ ပွဲအပြီးတွင် ၁၂ နှစ်ကြာ ကစားစဉ်အတွင်း ပွဲ ၁၂၀ ကစားပြီးနောက် အယ်လ်ဂျီးရီးယားကစားသမားဘဝမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့တာလည်း ဖြစ်ပါတယ်။
မရာ့ဇ်က "ရည်မှန်းချက်က နောက်တစ်ဆင့်တက်ဖို့ပါ။ ဒီပွဲက ကျွန်တော်တို့ လက်ထဲမှာ ရှိနေတဲ့ ပွဲပါ။ အမှားတွေကနေ နှစ်ဂိုးပေးလိုက်ရတယ်။ ဒီလိုအဆင့်မှာ ချစ်ချစ်ခင်ခင်ပေးလိုက်ရတာ။ လက်ရွေးစင်အသင်းအတွက် နောက်ဆုံးကစားတဲ့ပွဲပါ။ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲပါပဲ"လို့ ပြောကြားသွားပါတယ်။
မရာ့ဇ်ဟာ အယ်လ်ဂျီးရီးယားအတွက် ပွဲ ၁၂၀ ကစားကာ ဒုတိယပွဲအများဆုံးကစားထားသူအဖြစ် ရပ်တည်နေသလို ဂိုး ၄၀ ဖြင့် ဒုတိယဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်နေသူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းက အာဖရိကဖလားချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်ဂျီးရီးယားကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလား ပွဲ ၄ ကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။