ဘီလာရုစ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဒေသတွင်းစံနမူနာဖြစ်အောင် တည်ဆောက်သွားမည်ဟု သမ္မတလူကာရှန်ကိုပြောကြား
သမ္မတလူကာရှန်ကို၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် တွန်းအားဖြစ်စေမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုတို့သည် ယနေ့တွင် တစ်ဦးချင်းသီးသန့် (One-on-One) တွေ့ဆုံဆွေးနွေးမှု ကိုသမ္မတအိမ်တော်၊ ဧည့်ခန်းမ၌ ပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဘီလာရုစ်သမ္မတ လူကာရှန်ကို၏ ယခုခရီးစဉ်သည် မြန်မာ-ဘီလာရုစ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာတိုးတက်စေရန် အားကောင်းသည့် တွန်းအားတစ်ရပ် ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘီလာရုစ်သမ္မတ လူကာရှန်ကိုကလည်း မြန်မာနှင့် ဘီလာရုစ်တို့အကြား ဆက်ဆံရေးကို ဒေသတွင်းရှိ အခြားနိုင်ငံများအတွက် စံနမူနာပြုနိုင်မည့် အဆင့်သို့ ရောက်ရှိအောင် အတူတကွ တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။