ပြည်တွင်းစက်သုံးဆီဈေး (၁၁) ပတ်ဆက်တိုက် ကျဆင်း၊ ဒီဇယ်တစ်လီတာ ကျပ် ၃,၀၀၀ ဝန်းကျင်သို့ ရောက်ရှိ
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကျော်ကာလမှစတင်၍ (၁၁) ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်တွင် ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၃,၃၆၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၃,၀၉၀ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကော်မတီက ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ 92 Ron တစ်လီတာ ၃,၃၆၀ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာ ၃,၄၁၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) တစ်လီတာ ၃,၀၉၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာ ၃,၈၀၀ ကျပ်ဖြစ်ပြီး အဆိုပါရည်ညွှန်းဈေးနှုန်းများကို ဇူလိုင် ၉ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
ယခုတစ်ပတ်ဈေးနှုန်းများကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၂၅၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၂၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၄၄၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၉၀ ကျပ်စီ ထပ်မံကျဆင်းလာခဲ့သည်။
ထို့ပြင် ဧပြီ ၂၄ ရက်က ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက (၁၁) ပတ်အတွင်း ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁,၃၇၅ ကျပ်၊ ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁,၅၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၃,၃၉၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃,၉၅၅ ကျပ်အထိ အသီးသီးကျဆင်းလာခဲ့ကြောင်း သိရသည်။
လက်ရှိ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၈ ဝန်းကျင်ရှိနေပြီး ပြည်တွင်းစက်သုံးဆီဈေးနှုန်းများလည်း ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားများတွင် ဆက်လက်ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများ တွေ့ရှိပါက ကော်မတီ၏ တိုင်ကြားရေးဖုန်းနံပါတ်များဖြစ်သည့် ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။