21 နာရီ - ဘာသာပြန်ပါ။

မန္တလေး-တံတားဦး လမ်းပိုင်းတွင် RBE ရထားခရီးစဉ်သစ် စတင်ပြေးဆွဲ၊ နေ့စဉ် အစုန်အဆန် (၂) ကြိမ် ပြေးဆွဲမည်

မြန်မာ့မီးရထားသည် မန္တလေး-တံတားဦး လမ်းပိုင်း၌ RBE ရထားခရီးစဉ်သစ်ကို ဇူလိုင် ၁ ရက်မှစတင်၍ နေ့စဉ် အစုန်အဆန် (၂) ကြိမ် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ RBE ရထားသည် မန္တလေးဘူတာကြီးမှ နံနက် ၅ နာရီတွင် ပထမအကြိမ် စတင်ထွက်ခွာမည်ဖြစ်ပြီး တံတားဦးဘူတာသို့ နံနက် ၆ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် တံတားဦးဘူတာမှ ပြန်လည်ထွက်ခွာကာ မန္တလေးဘူတာကြီးသို့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။
ဒုတိယအကြိမ်ခရီးစဉ်ကို ညနေ ၅ နာရီခွဲတွင် မန္တလေးဘူတာကြီးမှ ထွက်ခွာမည်ဖြစ်ပြီး တံတားဦးဘူတာသို့ ည ၇ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ည ၇ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာကာ မန္တလေးဘူတာကြီးသို့ ည ၈ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း မန္တလေးနှင့် တံတားဦးကြားရှိ ဘူတာ (၄) ခုတွင် ရပ်နားပေးမည်ဖြစ်ပြီး ဘူတာတစ်ခုလျှင် ၂ မိနစ်သာ ရပ်နားမည်ဖြစ်သည်။ ခရီးစဉ်အစအဆုံး ကြာမြင့်ချိန်မှာ တစ်နာရီခွဲခန့်ရှိပြီး လက်မှတ်ခကို တစ်ဦးလျှင် ကျပ် ၁,၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။
မန္တလေးမြို့ခံတစ်ဦးက “ဒုဌဝတီတံတား ပြန်လည်တည်ဆောက်နေတဲ့ကာလအတွင်း ရထားပြေးဆွဲပေးတာကြောင့် မန္တလေးကို သွားလာရတဲ့ အလုပ်သမားတွေအတွက် သယ်ယူပို့ဆောင်ရေးစရိတ် သက်သာစေပါတယ်” ဟု ပြောကြားသည်။

image