22 နာရီ - ဘာသာပြန်ပါ။

ပြည်ပရောက် မြန်မာလုပ်သား ၆ သန်းကျော် ဥပဒေအရ အကာအကွယ်ရရှိရေး ဝန်ကြီးဌာနများ ပူးပေါင်းညှိနှိုင်းရန်လိုအပ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၆ သန်းကျော်အတွက် ဥပဒေကြောင်းအရ ထိရောက်သည့် အကာအကွယ်များ ရရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ အကြား ပူးပေါင်းတွေ့ဆုံညှိနှိုင်းကာ မူဝါဒများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ပြည်တွင်း/ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီနှင့် ယမန်နေ့က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးခင်ရီက ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်အနက် ခန့်မှန်းခြေ ၆ သန်းကျော်မှာ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ပြောကြားပြီး အဆိုပါလုပ်သားများ၏ အခွင့်အရေးနှင့် ဥပဒေအရ အကာအကွယ်များကို ပိုမိုထိရောက်စွာ ရရှိစေရန် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး၍ ပူးပေါင်းမူဝါဒများ ချမှတ်ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။
ထို့ပြင် ဇွန် ၃၀ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာလုပ်သားများကို တရားဝင်အထောက်အထားများ ရရှိစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်ကာ CI (Certificate of Identity) များ ထုတ်ပေးလျက်ရှိကြောင်း ပြောကြားထားသည်။
ထို့အပြင် ပြည်ပအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများနှင့် နှစ်နိုင်ငံသဘောတူညီချက် (MoU) များအရ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

image