ဝက်စ်ဟမ်းရဲ့ ဖာနန်ဒက်စ်ကို ပေါင် ၈၅ သန်းဖြင့် ခေါ်ယူရန် စပါးစ် သဘောတူညီမှုရရှိ
======================

စပါးစ်ဟာ ဝက်စ်ဟမ်းမှ ပေါ်တူဂီကွင်းလယ်ကစားသမားမားသီးယပ်စ်ဖာနန်ဒက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ခေါ်ယူရေး သဘောတူညီမှု ရရှိလာပါတယ်။
မြောက်လန်ဒန်ကလပ်ဟာ ယူနိုက်တက်နှင့် အပြိုင် ခေါ်ယူရေး ကြိုးပမ်းခဲ့ရတာ ဖြစ်ပြီး ပေါင် ၈၅ သန်းအပြင် အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် အပိုဆုကြေးပေးရမဲ့ အချက်များဖြင့် သဘောတူညီမှု ရရှိခဲ့တာပါ။
ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ခေါ်ယူရေး အပြိုင်ကြိုးပမ်းခဲ့ပေမဲ့လည်း စပါးစ်နှင့် ဈေးပြိုင်ပေး ကမ်းလှမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
စပါးစ်ဟာ ယခုနွေရာသီတွင် မာတင်ဒူဘရော့ဗ်ကာ၊ အင်ဒီရောဘတ်ဆင်၊ မားကို့စ်ဆီနီဆီတို့အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားပြီးဖြစ်သလို ဘရိုက်တန်မှ နယ်သာလန်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီကိုလည်း ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။
စပါးစ်ဟာ နယူးကာဆယ်မှ အီတလီကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပြီးနောက် ဖာနန်ဒက်စ်ကို ခေါ်ယူရေး လုပ်ဆောင်ခဲ့တာပါ။
ဖာနန်ဒက်စ်ဟာ ရာသီဆက် တန်းဆင်းခဲ့ရတဲ့အသင်းတွင် ကစားခဲ့ပေမဲ့ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ယူနိုက်တက်၊ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

image