9 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် နယ်သာလန်နည်းပြရာထူးမှ ကိုးမန်း နုတ်ထွက်လာ
====================

ရော်နယ်ကိုးမန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီးနောက် နယ်သာလန်နည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
နယ်သာလန်ဟာ မွန်တာရေးတွင် မော်ရိုကိုနှင့် ၁ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရတာပါ။
ယင်းပွဲအပြီးတွင် ပင်နယ်တီလွဲခဲ့တဲ့ နယ်သာလန်ကစားသမားများဟာ အွန်လိုင်းတွင် လူမျိုးရေးခွဲခြားဆဲဆိုခြင်းတို့ ခံခဲ့ရပါတယ်။
ဂျပ်စတင်ကလွိုက်ဗတ်၊ ကွန်တန်တမ်ဘားနှင့် ခရိုင်ဆန်စီယိုဆမ်းမားဗီးလ်တို့ ပင်နယ်တီလွဲခဲ့ကြတာ ဖြစ်ပြီး အွန်လိုင်းတွင် လူမျိုးရေးခွဲခြားဆဲဆိုခြင်းခံနေရပါတယ်။
ဒတ်ချ်ဘောလုံးအဖွဲ့ချုပ်က ကစာသမားများအား လူမျိုးရေးခွဲခြားဆဲဆိုသူများကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမယ်လို့ ကြေညာထားပါတယ်။
အသက် ၆၃ နှစ်ရှိ ကိုးမန်းဟာ နယ်သာလန်နည်းပြရာထူးမှ ဒုတိယအကြိမ်မြောက် နုတ်ထွက်လာတာ ဖြစ်ပြီး နည်းပြလောကကိုလည်း စွန့်ခွာလာဖို့ ရှိကြောင်း အရိပ်အမြွက်ဆိုထားပါတယ်။
ကိုးမန်းက "ကျွန်တော့်နည်းပြဘဝကို ကြည့်လိုက်ရင် ဂုဏ်ယူရပါတယ်။ ကျွန်တော် လုပ်ခဲ့တဲ့ ကလပ်တွေ၊ တွဲလုပ်ခဲ့တဲ့ လူတွေက ကျွန်တော့်ကို ပုံသွင်းခဲ့သလို တစ်သက်လုံးသိမ်းထားနိုင်မယ့် အမှတ်တရတွေ ပိုင်ဆိုင်ခဲ့တယ်။ သမိုင်းမှတ်တိုင်ရေးသားနိုင်မဲ့ ကမ္ဘာ့ဖလားပိုင်ဆိုင်ဖို့ ကျွန်တော်တို့ အားလုံး အိပ်မက်မက်ခဲ့ကြတယ်။ ဒါပေမဲ့ မဖြစ်လာခဲ့ပါဘူး။ ကျွန်တော့်ထက် ဘယ်သူမှ စိတ်ပျက်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေမှာ ဘောလုံးထက် အခြားအရေးကြီးတဲ့ အရာတွေ ရှိနေတာ ထပ်မံ သိလိုက်ရပါတယ်။ ဘောလုံးက ကျွန်တော့်ဘဝပါ။ ဒါပေမဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပါ။ ကိုယ်ချစ်တဲ့တစုံတယောက် ခက်ခဲတဲ့ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ပြောင်းလဲဖို့ ကြိုးစားလာရပါတယ်"လို့ ပြောကြားသွားပါတယ်။
ကိုးမန်းရဲ့ ဇနီးသည်ဘာတီနာမှာ ရင်သားကင်ဆာရောဂါဝေဒနာခံစားနေရပါတယ်။

image