ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် နောက်ထပ်အရေးပါတဲ့သူတစ်ဦးကို ထပ်မံ ဆုံးရှုံးလာတဲ့ အာဆင်နယ်
=====================
မီခေးလ်အာတီတာဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် အသင်းရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တစ်ဦးအား ထပ်မံ ဆုံးရှုံးလာပြန်ပါတယ်။
အာဆင်နယ်တွင် ၉ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်လာတဲ့ တွမ်အယ်လန်ဟာ ကလပ်ရဲ့ အားကစားသိပ္ပံနှင့် စွမ်းဆောင်ရည်အကြီးအကဲ ရာထူးမှ ထွက်ခွာလာပါမယ်။
ဗီလာတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အယ်လန်ဟာ အာဆင်နယ်ရဲ့အရေးပါသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အားကစားသိပ္ပံ၊ ကြံ့ခိုင်မှုပိုင်း၊ အစားအသောက်နှင့် စွမ်းဆောင်ရည်တို့နှင့်ပတ်သက်ပြီး ဦးဆောင်လုပ်ဆောင်ရသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အယ်လန်ဟာ အာဆင်နယ်ရဲ့ ဆေးဘက်ဆိုင်ရာအကြီးအကဲ ဒေါက်တာဇာဖာ ထွက်ခွာလာပြီးနောက် ထွက်ခွာလာတော့မှာလည်း ဖြစ်ပါတယ်။ ဒေါက်တာဇာဖာအပြင် ကြံ့ခိုင်မှုစွမ်းဆောင်ရည်နည်းပြဆမ်ဝီလ်ဆင်မှာလည်း အာဆင်နယ်မှ ထွက်ခွာလာမယ်လို့ ယုံကြည်ရပါတယ်။
အယ်လန်ဟာ ၂၀၁၇ ခုနှစ်တွင် အာဆင်နယ်သို့ ရောက်လာသူ ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှ စတင်ကာ ကလပ်ရဲ့ စွမ်းဆောင်ရည်ဌာနအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ဆေးဘက်နှင့် စွမ်းဆောင်ရည်ဆိုင်ရာဝန်ထမ်းတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အသင်းရဲ့ အဓိကကစားသမားအမြောက်အမြားတို့ ဒဏ်ရာပြဿနာများစွာ ကြုံရပြီးနောက် ကလပ်မှ ထွက်ခွာလာကြတာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၆၃ ပွဲအထိ ကစားခဲ့ရကာ ဥရောပတလွှားတွင် ပွဲအများဆုံးကစားရတဲ့အသင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ ကလပ်ရဲ့ ဆေးဘက်ဆိုင်ရာအကြီးအကဲသစ်အဖြစ် အက်စတွန်ဗီလာမှ အိုလံပစ်အပြေးသမားအာနယ်ဒိုအေဘရန်တီကို ဆေးဘက်ဆိုင်ရာအကြီးအကဲအဖြစ် ခန့်အပ်ထားပါတယ်။