မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားသို့ ပြောင်းရန် လီဝန်ဒေါ့စကီး သဘောတူညီမှု ရရှိ
===================
မေဗဂျာလိဂ်ဟာ ရောဘတ်လီဝန်ဒေါ့စကီးမှာ ချီကာဂိုဖိုင်းယားသို့ ပြောင်းရန် သဘောတူညီမှု ရရှိလာမှုနှင့်အတူ နောက်ထပ် ကမ္ဘာသိ ထိပ်တန်းကစားသမားတစ်ဦးကို ကြိုဆိုလာရတော့မှာ ဖြစ်ပါတယ်။
ပိုလန်ဂန္ထဝင်တိုက်စစ်မှူးဟာ ဘာစီလိုနာမှ ထွက်ခွာလာပြီးနောက် အမေရိကန်မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားလာတော့မှာလည်း ဖြစ်ပါတယ်။
The Athletic ရဲ့ဖော်ပြမှုအရ အသက် ၃၇ နှစ်ရှိ လီဝန်ဒေါ့စကီးဟာ ချီကာဂိုဖိုင်းယားနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။
ဒေါ့မွန်နှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းဟာ ဘာစီလိုနာမှ ထွက်ခွာပြီးနောက် အေစီမီလန်၊ ဆော်ဒီကလပ်များရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း အမေရိကန်တွင် မိသားစုအခြေချလိုမှုနှင့်အတူ မေဂျာလိဂ်သို့ ပြောင်းရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
ယခုလအစောပိုင်းတုန်းက ချီကာဂိုသို့ သွားရောက်လည်ပတ်ခဲ့တဲ့ ရောဘတ်လီဝန်ဒေါ့စကီးဟာ ချီကာဂိုဖိုင်းယားရဲ့ လုပ်ခအများဆုံးရ ကစားသမားဖြစ်လာမှာ ဖြစ်သလို မေဂျာလိဂ်ရဲ့လုပ်ခအများဆုံးကစားသမားစာရင်းဝင် ဖြစ်လာပါမယ်။
မေဂျာလိဂ်ဟာ ၂၀၂၃ ခုနှစ်တွင် လီယွန်နယ်မက်ဆီအား ခေါ်ယူနိုင်ပြီးနောက် လူစိတ်ဝင်စားခြင်းခံရတဲ့ လိဂ်ဖြစ်လာပြီး နောက်ပိုင်းတွင် ဆန်ဟောင်မင်း၊ သောမတ်စ်မူလာတို့ကိုလည်း ခေါ်ဆောင်ထားနိုင်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းကက်စ်မီရိုမှာလည်း မေဂျာလိဂ်သို့ ပြောင်းလာဖို့ ရှိနေပါတယ်။ ဘရာဇီးကွင်းလယ်လူဟာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ဘိုင်ယန်မြူးနစ်အတွက် ၃၇၅ ပွဲတွင် ၃၄၄ ဂိုးအထိ သွင်းပေးနိုင်ခဲ့တဲ့ ရောဘတ်လီဝန်ဒေါ့စကီးဟာ ဘာစီလိုနာတွင် ကစားတဲ့ လေးရာသီအတွင်းတွင် ၁၉၃ ပွဲမှာ ဂိုး ၁၂၀ သွင်းပေးပြီး လာလီဂါဖလား ၃ ကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။