ကွန်ဂိုရဲ့ လာဘ်ကောင် ရှင်သန်နေရတဲ့ ရုပ်ထု အမေရိကန်ပြည်ဝင်ခွင့် မရရှိ
====================
ဒီမိုကရက်တစ်ကွန်ဂိုရဲ့ အမာခံပရိသတ် ရှင်သန်နေတဲ့ ရုပ်ထုဟာ အမေရိကန်ဗီဇာငြင်းပယ်ခံလာရမှုနှင့်အတူ အင်္ဂလန်နှင့် ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင် အသင်းကို အားပေးလာနိုင်တော့မှာ မဟုတ်ပါဘူး။
မီချယ်ကူကာအမ်ဘိုလာဒန်ဂါဟာ ပြီးခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှ စတင်ကာ ဒီမိုကရက်တစ်ကွန်ဂိုအား ကွင်းအတွင်းတွင် ရုပ်ထုကဲ့သို့ ငြိမ်သက်စွာ တည်ရှိပြီး အားပေးလာခဲ့တာပါ။
သူဟာ လုပ်ကြံခြင်းခံခဲ့ရတဲ့ ကွန်ဂိုသူရဲကောင်း သမ္မတဟောင်းပါထရစ်လူမမ်ဘီရုပ်ထုကဲ့သို့ လက်တစ်ဖက်ကို မြှောက်ကာ မိနစ် ၉၀ လုံး ငြိမ်သက်စွာ တည်ရှိပြီး အားပေးလာခဲ့ပါတယ်။
သူဟာ အာဖရိကဖလားပြိုင်ပွဲတွင် နာမည်ကြီးလာခဲ့တာ ဖြစ်ပြီး ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း သူ့ကို မက္ကဆီကိုသို့ ခေါ်ဆောင်ရန် ကွန်ဂိုကစားသမားများကိုယ်တိုင်က ကွန်ဂိုသမ္မတဖီးလစ်ရှီဆီကေဒီထံ တောင်းဆိုခဲ့ကြတာပါ။
ဒါပေမဲ့ ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်အစိုးရက သူ့ကို ပြည်ဝင်ခွင့်ဗီဇာပေးရန် ငြင်းဆိုလာပါတယ်။ ဒါကြောင့်လည်း သူဟာ အင်္ဂလန်နှင့်ပွဲတွင် ကွန်ဂိုရဲ့လာဘ်ကောင်ရုပ်အဖြစ် ကွင်းအတွင်း ရှိနေနိုင်တော့မှာ မဟုတ်ပါဘူး။
အသက် ၄၉ နှစ်ရှိ အမ်ဘိုလာဒင်ဂါဟာ ၁၉၆၁ ခုနှစ်တုန်းက လုပ်ကြံခံခဲ့ရတဲ့ သူ့ရဲ့စံပြပုဂ္ဂိုလ် သမ္မတဟောင်းကဲ့သို့ သေသပ်စွာ ဝတ်ဆင်ကာ ရုပ်ထုလို ငြိမ်သက်စွာ ရှိနေနိုင်ဖို့ အချိန်ယူလေ့ကျင့်ခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ တစ်လလျှင် ရက် ၂၀ အထိ လေ့ကျင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
သမ္မတဟောင်းလူမမ်ဘာဟာ ကွန်ဂိုအား ဘယ်လ်ဂျီယံလက်အောက်မှ လွတ်လပ်ရေး ရရှိအောင် စွမ်းဆောင်ပြီး တစ်နှစ်အကြာတွင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံခဲ့ရကာ အက်ဆစ်ဖြင့် အလောင်းဖျောက်ခြင်းခံခဲ့ရပါတယ်။