လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘဏ္ဍာငွေများကို နိုင်ငံတော်မှ ဆက်လက်ခွင့်ပြုပေးနေဟု နိုင်ငံတော်သမ္မတ ပြောကြား
နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ၌ လိုအပ်သည့် ဘဏ္ဍာငွေများကို နိုင်ငံတော်မှ ဆက်လက်ခွင့်ပြုပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတသည် (ဇွန် ၂၉ ရက်)တွင် နေပြည်တော်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက် မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ပြီးသားလမ်းများ ရေရှည်တည်တံ့ခိုင်ခံ့စေရေးနှင့် သတ်မှတ်ထားသည့် လမ်းအင်္ဂါရပ်များနှင့်အညီ တည်ဆောက်ထိန်းသိမ်းနိုင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် လမ်းများရေရှည်ခိုင်ခံ့ကောင်းမွန်စေရေးအတွက် လမ်းဘေးဝဲယာ ရေစီးရေလာကောင်းမွန်အောင် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သွားလာရေးခက်ခဲသည့် နယ်စပ်ဒေသများတွင်လည်း လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရေးကို ဦးစားပေးအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်က ခွင့်ပြုပေးနေပါတယ်”ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် လမ်းမကြီးများဥပဒေအရ လမ်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများကို တိတိကျကျလိုက်နာရမည်ဖြစ်ပြီး လမ်းနယ်များကိုလည်း စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
လမ်းဘေးဝဲယာရှိ ရွာမြေနှင့် မြို့မြေမဟုတ်သည့်နေရာများတွင် စည်းကမ်းမဲ့ လူနေအိမ်များ ဆောက်လုပ်နေထိုင်ခြင်းကြောင့် အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
ထို့ကြောင့် အများပြည်သူအကျိုးပြု စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရေရှည်အကျိုးကို မျှော်မှန်း၍ စနစ်တကျ စီမံဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။