ချဲလ်ဆီးက ခေါ်ယူရေး ကြိုးပမ်းလာပြီးနောက် ဇာခါနှင့်ပတ်သက်ပြီး ဆန်းဒါးလန်း ကြေညာချက် ထုတ်ပြန်လာ
===================
ဆန်းဒါးလန်ဟာ ချဲလ်ဆီးဘက်က ဂရာနစ်ဇာခါအား ခေါ်ယူရေး အေးဂျင့်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လာပြီးနောက် ဝါရင့်ကွင်းလယ်ကစားသမားမှာ ရောင်းချရန် မဟုတ်ကြောင်း ကြေညာလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဟာ ဆန်းဒါးလန်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပဝင်ခွင့်ရရှိအောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
အာဆင်နယ်နှင့် လေဗာကူဆင်ကွင်းလယ်ကစားသမားဟောင်းရဲ့ အေးဂျင့်များကို ချဲလ်ဆီးဘက်က ဆက်သွယ်မှု ပြုလုပ်လာနေတယ်လို့ ယုံကြည်ရပါတယ်။
တဖက်တွင် ဇာခါကိုယ်တိုင်ကလည်း လေဗာကူဆင်တွင် အောင်မြင်မှု အတူ ရယူခဲ့တဲ့ ဇာဘီအလွန်ဆိုနှင့် ပြန်လည်လက်တွဲရန် တံခါးဖွင့်ပေးထားတယ်လို့ ယုံကြည်ရပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးနှင့် ဇာခါတို့အကြားမှာ သဘောတူညီမှုတော့ မရသေးပါဘူး။
ဆန်းဒါးလန်းဟာ ဥရောပဝင်ခွင့် ရရှိထားတဲ့အပြင် ဘဏ္ဍာရေးပိုင်းမှာလည်း ဟန်ချက်ညီနေမှုနှင့်အတူ ဂရာနစ်ဇာခါအား ရောင်းချရေး ငွေကြေးပိုင်း ဖိအား မရှိပါဘူး။
ချဲလ်ဆီးဟာ အသင်းပိုင်ရှင်သစ်လက်ထက်တွင် လူငယ်ကစားသမားများအပေါ်တွင်သာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာခဲ့တာဖြစ်ပြီး ယခုကဲ့သို့ လာမဲ့ စက်တင်ဘာလတွင် အသက် ၃၄ နှစ်ပြည့်မဲ့ ကစားသမားအား ခေါ်ယူရေး ကြိုးပမ်းလာတာက အလွန်ဆိုလက်ထက်တွင် အပြောင်းအရွှေ့ပေါ်လစီအပြောင်းအလဲ လုပ်လာတာကိုလည်း မြင်ရပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် အန်ဇိုဖာနန်ဒက်ဇ်မှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ဖွယ်ရှိနေမှုနှင့်အတူ ကွင်းလယ်ကို အပြောင်းအလဲ ပြုလုပ်လာရဖို့ ရှိနေပါတယ်။
ချဲလ်ဆီးဟာ အာဂျင်တီးနားကွင်းလယ်ကစားသမားအတွက် ရီးရဲလ်မက်ဒရစ်ထံမှ တရားဝင်ကမ်းလှမ်းမှု မရရှိသေးပေမဲ့လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ တောင်းဆိုလာဖို့ သေချာနေပါတယ်။