ပတ်စ်ပို့ မေ့ကျန်မှုကြောင့် ယနေ့ည ပါရာဂွေးပွဲမတိုင်မီ ပြင်ဆင်မှု အနှောင့်အယှက်ကြုံခဲ့ရတဲ့ ဂျာမနီအသင်း
======================
ဂျာမနီကစားသမားများဟာ ပတ်စ်ပို့မေ့ကျန်ခဲ့မှုတစ်ခုကြောင့် ပါရာဂွေးနှင့် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အတွက် ပြင်ဆင်မှု အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
ကမ္ဘာ့ဖလား ၄ကြိမ် ချန်ပီယံ ဂျာမနီအသင်းဟာ အသင်းသားတစ်ဦးမှာ စာရွက်စာတမ်းမေ့ကျန်ရစ်ခဲ့မှုနှင့်အတူ ပွဲအတွက် ပြင်ဆင်မှုအား ကြိုတင်စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။
Bild သတင်းစာရဲ့ ဖော်ပြမှုအရ ကားသမားတစ်ဦးက ပတ်စ်ပို့ကို လေဆိပ်သို့ အရောက်ပို့ခဲ့ရပြီး လုံခြုံရေးဝန်ထမ်းတစ်ဦးမှ တဆင့် လွဲပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။
ယင်းသို့ ပတ်စ်ပို့မေ့ကျန်ရစ်ခဲ့မှုကြောင့် ဂျာမနီအသင်းဟာ သတ်မှတ်ချိန် နေ့လည် ၃ နာရီ ၃၀ မိနစ်တွင် ထွက်ခွာရန် စီစဉ်ထားခဲ့ပေမဲ့လည်း ၂၂ မိနစ်နောက်ကျပြီးမှ ထွက်ခွာခဲ့ရပါတယ်။
ဒါ့အပြင် ဂျာမနီဝါရင့်ဂိုးသမားမန်နူရယ်နူအာမှာလည်း လေဆိပ်ရှိ သတ္တုစစ်ဆေးရေးဂိတ်အား ကျော်ဖြတ်စဉ် ညာခြေထောက်တွင် သံမူလီဆွဲထားရမှုအတွက် ဖြေရှင်းချက်ပေးခဲ့ရပါသေးတယ်။
ဒါပေမဲ့ နူအာနှင့် မူစီယာလာအပါအဝင် ဂျာမနီကစားသမားများဟာ လေဆိပ်တွင် ပရိသတ်များအား လက်မှတ်ရေးထိုးမှု ပြုလုပ်ပြီး အဆင်ပြေအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။
ဂျာမနီဟာ မြောက်ကိုရိုလိုင်းနားတွင် အခြေစိုက်နေတာ ဖြစ်ပြီး ယနေ့ညတွင် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် Gillette Stadium တွင် ပါရာဂွေးနှင့် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။