ချဲလ်ဆီးနှင့် နစ်နာကြေး သဘောတူညီမှု ရရှိပြီးနောက် မာရက်စ်ကာအား နည်းပြသစ်အဖြစ် မန်စီးတီး ခန့်အပ်လာ
======================

မန်စီးတီးဟာ ပက်ဂွါဒီယိုလာရဲ့နေရာကို ဆက်ခံသူအဖြစ် အန်ဇိုမာရက်စ်ကာအား တရားဝင် ခန့်အပ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းဟာ နှစ်သစ်ကူးနေ့တုန်းက ကလပ်အသင်းတာဝန်ရှိသူများနှင့် သဘောထားကွဲလွဲကာ ထွက်ခွာလာခဲ့သူ ဖြစ်ပြီး အီတီဟတ်သို့ တတိယအကြိမ်မြောက် ပြန်ရောက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
အသက် ၄၆ နှစ်ရှိ မာရက်စ်ကာဟာ ချဲလ်ဆီးရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာ မဟုတ်ဘဲ တစ်နှစ်လုပ်ခ ပေါင် ၄ သန်းတန် ၅ နှစ်စာချုပ်ကျန်နေသေးမှုနှင့်အတူ မန်စီးတီးအနေဖြင့် ခန့်အပ်ရေး နစ်နာကြေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနှင့် မန်စီးတီးတို့အကြားတွင် နစ်နာကြေးနှင့်ပတ်သက်ပြီး ငါးပတ်တိုင်တိုင် ဆွေးနွေးမှုများ ပြုလုပ်လာပြီးချိန်မှာတော့ သဘောတူညီမှု ရရှိလာပြီလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့အပတ်တုန်းက အီတလီလူမျိုးနည်းပြအတွက် နစ်နာကြေး ပေါင် ၁၇ သန်းအထိ ပေးရန် ချဲလ်ဆီးနှင့် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်လာတာလည်း ဖြစ်ပါတယ်။
အန်ဇိုမာရက်စ်ကာဟာ ချဲလ်ဆီးကို ၂ နှစ်ကြာ ကိုင်တွယ်စဉ်အတွင်း ယူရိုပါကွန်ဖရင့်လိဂ်ဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ ရယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
မာရက်စ်ကာဟာ မန်စီးတီး(ခ)အသင်းအား ပရီးမီးယားလိဂ် ၂ ဖလား ရရှိအောင် ဦးဆောင်ခဲ့ဖူးသလို ၂၀၂၂-၂၃ ရာသီတုန်းက ပက်ဂွါဒီယိုလာလက်အောက်တွင် လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ကာ ဖလား ၃ လုံးရရှိအောင် နောက်ကွယ်မှ ကူညီပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
မာရက်စ်ကာက "မန်စီးတီးက ကျွန်တော် ကောင်းကောင်းသိတဲ့ ကလပ်ပါ။ ဒီအသင်းကို ကိုင်တွယ်ခွင့်ရလာတာ တကယ့်ကို ကောင်းမွန်တဲ့အခွင့်အရေးပါ။ စီးတီးက တကယ့်ကို‌ကောင်းမွန်စွာ ချီတက်နေတဲ့ကလပ်ပါ။ သူတို့ လုပ်တဲ့အရာတိုင်းကလည်း ဆန်းသစ်တယ်။ အစီအစဉ်နဲ့လုပ်တာ။ ပြီးတော့ ရည်ရွယ်ချက်ရှိရှိလုပ်တာ။ မန်နေဂျာတစ်ယောက်အနေနဲ့ တကယ့်ကို အိပ်မက်မျိုးပါ။ ဒါတွေက တမတ်တည်း ရှိနေတော့ ကျွန်တော့်အလုပ်ကို ထိထိရောက်ရောက်လုပ်နိုင်ပါမယ်။ ဒါက ကျွန်တော့်ရဲ့ တတိယအကြိမ်မြောက် ရောက်လာမှုပါ။ ဒီကလပ်ကို သိတယ်။ တောင်းဆိုမှုကိုလည်း သိတယ်။ ပြီးတော့ မျှော်လင့်ထားတာကိုလည်း သိတယ်။ ဒီမှာ ရှိတဲ့ လူတွေရဲ့အရည်အသွေးကလည်း တကယ့်ကို စပါယ်ရှယ်ပါ။ ကျွန်တော့်အရည်အသွေးအပေါ် ယုံကြည်မှုအပေါ် ကျေးဇူးတင်လိုပါတယ်။ ဒီကစားသမားတွေကို နည်းပြဖို့ မစောင့်နိုင်တော့ပါဘူး။ အောင်နိုင်ချင်တယ်။ ကစားဟန်ကောင်းကောင်းနဲ့ ကစားချင်တယ်။ ပြီးတော့ မန်စီးတီးကို ကိုယ်စားပြုရတဲ့ ဖိအားအပေါ် ပျော်ချင်တယ်"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးရဲ့ ယခင်နည်းပြပက်ဂွါဒီယိုလာဟာ အရေးပါတဲ့ ဆုဖလား ၁၇ လုံး ဆွတ်ခူးရယူပေးပြီး ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာသီအကုန်တွင် ထွက်ခွာသွားခဲ့ပါတယ်။

image