ဘန်လေရဲ့အန်တိုနီကို ခေါ်ယူရေး ဘရန့်ဖို့ဒ်ဆွေးနွေးနေ
===================
ဘရန့်ဖို့ဒ်ဟာ တောင်ပံကစားသမားဂျိုင်ဒွန်အန်တိုနီကို ခေါ်ယူရန် ဘန်လေနှင့် ဆွေးနွေးနေကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်ရှိ တောင်ပံကစားသမားဟာ ဘန်လေမှာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားရမှုနှင့်အတူ ပရီးမီးယားလိဂ်တွင်ပင် ဆက်လက်ကစားလိုနေပါတယ်။
ဘရန့်ဖို့ဒ်ဟာ အခြားပရီးမီးယားလိဂ်ကလပ်များကို ကျော်ဖြတ်ပြီး ခေါ်ယူရေး ဆွေးနွေးမှု အဆင်ပြေနေတာ ဖြစ်ပြီး ဘန်လေဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဝန်းကျင်တောင်းဆိုလာမယ်လို့ ယုံကြည်ရပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၈ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းကာ ၄ ကြိမ်ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်နည်းပြကိတ်အင်ဒရူးက အာဆင်နယ်အကယ်ဒမီထွက်ကစားသမားမှာ သူ့ကစားဟန်စတိုင်တွင် အံဝင်တဲ့ ကစားသမားလို့ အပြည့်အဝ ယုံကြည်နေပါတယ်။
ဘရန့်ဖို့ဒ်ဟာ ရက်ဘူးလ်ဆဲလ်ဘတ်မှ နောက်ခံလူဂျန်နစ်ရှရှူစတာကို ပေါင် ၁၆ သန်းအပြင် အပိုဆုကြေးထပ်မံပေးရမဲ့အချက်ဖြင့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။
အန်တိုနီဟာ ၂၀၁၆ ခုနှစ်တွင် အာဆင်နယ်အတွက် စီနီယာပွဲတစ်ပွဲမျှ မကစားရဘဲ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဝိုင်းမောက်နှင့် လိဒ်တို့တွင် အငှားဖြင့် သွားကစားပြီးနောက် ဘုန်းမောက်တွင် အရေးပါသူ ဖြစ်လာပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တွင် ဘုန်းမောက်မှ ဘန်လေသို့ အငှားဖြင့် ပြောင်းကစားပြီးနောက် ပြီးခဲ့တဲ့နွေတုန်းက ပေါင် ၈ သန်းဖြင့် အပြီးသတ်ပြောင်းခဲ့ပါတယ်။
ပရီးမီးယားလိဂ်တွင် တစ်ရာသီသာ ရှင်သန်နိုင်ခဲ့တဲ့ ဘန်လေဟာ ချန်ပီယံရှစ်အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ဝက်စ်ဟမ်းနှင့် ရင်ဆိုင်ကစားရပါမယ်။
ဥရောပဝင်ခွင့် ကပ်လွဲခဲ့တဲ့ ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် စပါးစ်နှင့် ရင်ဆိုင်ကစားရပါမယ်။