4 ရက် - ဘာသာပြန်ပါ။

ရှက်တာဒိုးနက်စ်ရဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲများကို လက်ခံကျင်းပရန် ပရီးမီးယားလိဂ်ကလပ် ဆွေးနွေးနေ
=====================

ဘရန့်ဖို့ဒ်ဟာ ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်ရဲ့ လာမဲ့ရာသီ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များအား Gtech Community Stadium ကွင်းတွင် လက်ခံကစားရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ရှက်တာဒိုးနက်စ်ဟာ ၂၀၂၆-၂၇ ချန်ပီယံလိဂ်ရာသီတွင် လိဂ်အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိထားပါတယ်။
ပုံမှန်အားဖြင့် ရှက်တာဒိုးနက်စ်ဟာ တတိယအဆင့် ခြေစစ်ပွဲမှ ခြေစစ်ပွဲအောင်မြင်ရေး ကြိုးပမ်းရမှာ ဖြစ်ပေမဲ့လည်း လီဂူး ၁ ချန်ပီယံ ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့အား ကာကွယ်လာမှုနှင့်အတူ လိဂ်အဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိလာတာလည်း ဖြစ်ပါတယ်။
ရှက်တာဒိုးနက်စ်ဟာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲပြီးနောက် ဥရောပပွဲစဉ်များမှ အိမ်ကွင်းမှာ ကစားလာနိုင်ခဲ့ခြင်း မရှိပါဘူး။ ၎င်းတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဥရောပအိမ်ကွင်းပွဲစဉ်များကို ဆလိုဗေးနီးယား၊ ပိုလန်တို့တွင် လက်ခံကစားခဲ့ပါတယ်။
ယခုအခါ ရှက်တာဒိုးနက်စ်ဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များကို လန်ဒန်အနောက်ပိုင်း ဘရန့်ဖို့ဒ်ရဲ့ Gtech Community Stadium ကွင်းတွင် လက်ခံကစားရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ဘရန့်ဖို့ဒ်ရဲ့ Gtech Community Stadium ကွင်းက ချန်ပီယံလိဂ်လက်ခံကစားရန် ယူအီးအက်ဖ်အေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီနေရာ ဒေသတွင်း အာဏာပိုင်များကသာ ခွင့်ပြုလာပါက ယူအီးအက်ဖ်အေဘက်က ခွင့်ပြုရန် အသင့်ရှိနေပါတယ်။
ဘရန့်ဖို့ဒ်ဟာ အင်္ဂလိပ်ပွဲမဟုတ်တဲ့ နိုင်ငံတကာပွဲစဉ်များအတွက် Gtech Community Stadium ကွင်းကို ငှားရမ်းလာတဲ့အသင်းလည်း ဖြစ်ပါတယ်။
လာမဲ့ရာသီတွင် ချဲလ်ဆီးနှင့် စပါးစ်တို့ ဥရောပဝင်ခွင့် ရရှိခြင်း မရှိရာ လနဒန်အခြေစိုက်ကလပ်များအဖြစ် အာဆင်နယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့သာ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်စရာ ရှိနေပါတယ်။
ခရစ္စတယ်ပဲလေ့စ်က ကွန်ဖရင့်လိဂ်ချန်ပီယံအဖြစ် ယူရိုပါလိဂ်သာ ဝင်ခွင့် ရရှိထားရာ ကြာသပတေးနေ့တွင်မှ ပွဲကစားရန် ရှိနေပါတယ်။
ဒါကြောင့်လည်း ရှက်တာဒိုးနက်စ်အနေဖြင့် အာဆင်နယ်နှင့်အတူ ချန်ပီယံလိဂ်ပွဲစဉ်များကို အင်္ဂါ သို့မဟုတ် ဗုဒ္ဓဟူးနေတို့တွင် အလှည့်ကျစီ ကစားလာနိုင်ပါတယ်။

image