ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယအမြန်ဆုံးဟက်ထရစ်ရှင် ဖြစ်လာတဲ့ ဒမ်ဘီလီ
===================
ပြင်သစ်စူပါစတားအူစမာနီဒမ်ဘီလီဟာ နော်ဝေအား ၄-၁ ဖြင့် အနိုင်တဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဟက်ထရစ်သွင်းယူကာ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုအတွက် ယှဉ်ပြိုင်မှုတွင် ပါဝင်လာပါတယ်။
ပီအက်စ်ဂျီစူပါစတားဟာ ပွဲချိန် ၃၂ မိနစ်အတွင်းတွင် ဟက်ထရစ်သွင်းယူခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယအမြန်ဆုံးဟက်ရစ်အဖြစ်လည်း သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် ကမ္ဘာ့ဖလားသမိုင်းတွင် အမြန်ဆုံးဟက်ထရစ်ရှင်အဖြစ် ဩစတြီးယားရဲ့ အန်းရစ်ပရော့စ်က ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချက်နှင့်ပွဲမှာ ပွဲအစ ၂၄ မိနစ်အတွင်း ဟက်ထရစ်သွင်းယူပြီး ကမ္ဘာ့ဖလားသမိုင်းတွင် အမြန်ဆုံးဟက်ထရစ်ရှင်အဖြစ် ရပ်တည်နေပါတယ်။
အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာကလည်း ၁၉၈၆ ကမ္ဘာ့ဖလားတွင် ပိုလန်နှင့်ပွဲစဉ်မှာ ၃၅ မိနစ်အတွင်း ဟက်ထရစ်သွင်းကာ တတိယအမြန်ဆုံးဟက်ထရစ်ရှင်အဖြစ် ရပ်တည်နေပါတယ်။
ဒမ်ဘီလီဟာ နော်ဝေနှင့်ပွဲတွင် ၃၂ မိနစ်အတွင်းမှာ ကွဲပြားတဲ့ ရှုထောင့်၊ ကွဲပြားတဲ့ အရည်အသွေး၊ တိကျသေသပ်မှုတို့ဖြင့် ဟက်ထရစ်သွင်းယူခဲ့တာပါ။
သူဟာ ပထမဂိုးကို ညာခြေဖြင့် သွင်းခဲ့တာ ဖြစ်ပြီး ကျန်နှစ်ဂိုးကို ဘယ်ခြေဖြင့် သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်သစ်ဟာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့မှာ ဆွီဒင်အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။