ကမ္ဘာ့ဖလားလက်ကျန်ပွဲများကို စပိန်ရဲ့ ပီနို လွဲချော်လာဖွယ်ရှိနေ
==================
စပိန်တောင်ပံကစားသမားယီရီမီပီနိုဟာ ညှပ်ရိုးအက်ဒဏ်ရာရရှိခဲ့တယ်လို့ ယူဆရတာကြောင့် လက်ကျန် ကမ္ဘာ့ဖလားပွဲစဉ်များကို လွဲချော်လာဖို့ ရှိနေပါတယ်။
ပီနိုဟာ ဥရုဂွေးအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ရဲ့ ပွဲနှောင်းပိုင်းတွင် ဘောလုံးဖျက်ထုတ်မှုတစ်ခုကြောင့် ဘယ်ဖက်ပုခုံးဖြင့် ဆိုးဆိုးရွားရွားလဲကျခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အလယ်တန်းကစားသမားဟာ နာကျင်နေပေမဲ့လည်း စပိန်အသင်းမှာ လူစားလဲလှယ် ၅ ဦး ပြုလုပ်ထားပြီးဖြစ်ရာ ပွဲပြီးတဲ့အထိ ကစားသွားခဲ့ပါတယ်။
ဒါပေမဲ့ ပွဲအပြီးမှာတော့ စပိန်နည်းပြလူးဝစ်ဒီလာဖူအန်တီက ၆၆ မိနစ်တွင် လူစားဝင်ရောက်ကစားတဲ့ ပီနိုရဲ့ အခြေအနေမှာ စိုးရိမ်ရကြောင်း ဝန်ခံပြောကြားသွားပါတယ်။
၎င်းက "ယီရီမီကို ကြည့်ရတာ ညှပ်ရိုးကျိုးသားသလိုပဲ။ မနက်ဖြန်ကျမှ စမ်းသပ်စစ်ဆေးမှုတချို့ လုပ်သွားမယ်။ အဲဒီတော့မှ ဒဏ်ရာအတိမ်အနက်ကို သိရမယ်။ ဒီလူ အများကြီး နာကျင်ခဲ့ရတယ်။ ပွဲပြီးတဲ့အထိ ညှပ်ရိုးကျိုးနဲ့ စားဖို့ အများကြီး လုပ်ခဲ့ရတယ်။ သူရဲကောင်းဆန်တယ်။ သူ့ ကစားဖော်တွေလိုပဲ ကျွန်တော်လည်း ဂုဏ်ယူတယ်"လို့ ပြောကြားသွားပါတယ်။
ပီနိုဟာ ညှပ်ရိုးကျိုးဒဏ်ရာရရှိလာမည်ဆိုပါက လက်ကျန် ကမ္ဘာ့ဖလားပွဲများကို လွဲချော်လာမှာ သေချာပါတယ်။
စပိန်ဟာ ၃၂ သင်း ကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီး ဩစတြေးလျ (သို့မဟုတ်) အယ်ဂျီးရီးယားနှင့် ရင်ဆိုင်ကစားရပါမယ်။