ရှုံးပွဲမရှိမှတ်တမ်းဖြင့် ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ကာ လက်ရှိ ချန်ပီယံ အာဂျင်တီးနားနှင့်ရင်ဆိုင်လာရမဲ့ ကိတ်ဗာဒီ
=======================
ကိတ်ဗာဒီဟာ ဆော်ဒီနှင့် ဂိုးမရှိသရေကျပြီးနောက် အုပ်စုဒုတိယအဖြစ်ဖြင့် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလာနိုင်ခဲ့ပါတယ်။
ကိတ်ဗာဒီဟာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုပွဲ ၃ ပွဲလုံး သရေကျခဲ့တာလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီဟာ ၁၉၉၈ ကမ္ဘ့ဖလားတုန်းက ချီလီနောက်ပိုင်းတွင် သုံးပွဲလုံး သရေကျကာ ရှုံးထွက်အဆင့်သို့ တက်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာပါတယ်။
ဒါပေမဲ့ ကိတ်ဗာဒီဟာ ၃၂ သင်း ရှုံးထွက်အဆင့်မာတော့ လက်ရှိ ချန်ပီယံ အာဂျင်တီးနားနှင့် ရင်ဆိုင်ကစားရပါမယ်။ ကိတ်ဗာဒီဟာ ဇူလိုင်လ ၃ ရက်နေ့ သောကြာနေ့မှာ အာဂျင်တီးနားနှင့် ရင်ဆိုင်ကစားရပါမယ်။
ကိတ်ဗာဒီဟာ လူဦးရေ ၅၂၅၀၀၀ သာ ရှိတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ အငယ်ဆုံးနိုင်ငံ ဖြစ်ပါတယ်။
ဒါ့အပြင် ကိတ်ဗာဒီဟာ ၂၀၀၆ ခုနှစ် ဂါနာအသင်းပြီးလျှင် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပထမဆုံးအာဖရိကအသင်း ဖြစ်လာပါတယ်။
ဆော်ဒီနှင့်ပွဲအပြီးတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ကိတ်ဗာဒီအလယ်တန်းကစားသမားဒီရွိုင်းဒူအာတီက "အရိုးသားဆုံးပြောရရင် ရူးချင်စရာပါ။ အိပ်မက်ထဲ ရောက်နေသလို ခံစားရတယ်။ ကလေးဘဝကတည်းက ကမ္ဘာ့ဖလားကစားဖို့ အမြဲအိပ်မက်မက်လာခဲ့တာပါ။ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုပါ ရယူပြီး သမိုင်းရေးသားနိုင်ဖို့ကတော့ ဘယ်လိုမှ ထင်မှတ်မထားခဲ့ပါဘူး။ ပထမဆုံးအနေနဲ့ အောင်ပွဲခံကြမယ်။ ကျွန်တော်တို့ အရမ်းပျော်နေကြတယ်။ ကိတ်ဗာဒီတစ်နိုင်ငံလုံးလည်း ပျော်ဖို့ မျှော်လင့်တယ်။ မနက်ဖြန်မှ လာမဲ့ပွဲကို အာရုံစိုက်မယ်။ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမှာ မလား။ မဟုတ်ဘူးလား။ ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ဒါပေမဲ့ ဘာမဆို ဖြစ်နိုင်တယ်လို့ ယုံကြည်မှု ရှိရမယ်"လို့ ပြောကြားသွားပါတယ်။