အင်္ဂလန်ရဲ့ ဂျိမ်းစ်နှင့် ရိုက်စ်တို့ ကြံ့ခိုင်မှုပိုင်း စစ်ဆေးခြင်းခံရမည်
====================
အင်္ဂလန်ဟာ ပနားမားနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီ ရီစီဂျိမ်းစ်နှင့် ဒီကလန်ရိုက်စ်တို့ရဲ့ ကြံ့ခိုင်မှုအခြေအနေအား စစ်ဆေးမှု ပြုလုပ်လာပါမယ်။
အသက် ၂၇ နှစ်ရှိ ရိုက်စ်ဟာ အင်္ဂါနေ့တုန်းက ဂါနာနှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်အပြီးတွင် ဘော်စတွန်ကွင်းမှ ဘယ်ဖက်ခြေသလုံးအား ပတ်တီးများစွာ စည်းကာ ထွက်ခွာခဲ့ရပါတယ်။
အင်္ဂလန်အတွင်းသတင်းများအရ ဒီကလန်ရိုက်စ်ရဲ့ အခြေအနေက အလွန်အမင်းစိုးရိမ်စရာရှိတဲ့အခြေအနေမျိုးတွင် မရှိကြောင်း သိရပါတယ်။
ဒါပေမဲ့ တူချယ်အနေဖြင့် ဒီကလန်ရိုက်စ်အား စနေနေ့ ပနားမားနှင့်ပွဲတွင် ကစားနိုင်ခြင်းရှိ/မရှိကို ပွဲမတိုင်မီ ကြံ့ခိုင်မှု စစ်ဆေးမှု ပြုလုပ်လာရပါမယ်။
အာဆင်နယ်အလယ်တန်းကစားသမားဟာ ခရိုအေးရှားနှင့်အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း တံကောက်ကြောနာကျင်လာမှုကြောင့် လူစားလဲလှယ်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်မှာလည်း စနေနေ့ နယူးဂျာစီပွဲစဉ်မတိုင်မီ ကြံ့ခိုင်မှုစစ်ဆေးမှု ပြုလုပ်ရပါမယ်။
အသက် ၂၆ နှစ်ရှိ ညာနောက်ခံလူဟာ ဂါနာနှင့်ပွဲတွင် ပွဲချိန်ပြည့်ကစားသွားခဲ့ပေမဲ့လည်း ၂၄ နာရီအတွင်းတွင် ကြံ့ခိုင်မှုစစ်ဆေးခြင်းခံရပါမယ်။