ရေဓာတ်ဖြည့်နားချိန်မှ အပိုဝင်ငွေ ရရှိခြင်း မရှိကြောင်း ဖီဖာငြင်းဆိုလာ
====================
ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ရေဓာတ်ဖြည့်နားမှုနားချိန်ကို အားကစားအကြောင်းပြချက်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ဖီဖာအတွက် နောက်ထပ် အပိုဝင်ငွေ ရရှိလာခြင်း မရှိကြောင်း ပြောကြားလာပါတယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပွဲစဉ်အားလုံးရဲ့ တစ်ပိုင်းစီတွင် ၃ မိနစ်ရေသောက်နားချိန်စနစ် အသုံးပြုနေတာ ဖြစ်ပါတယ်။ ဖီဖာဟာ မြောက်အမေရိကရဲ့ ပူပြင်းတဲ့ ရာသီဥတုကြောင့် ကစားသမားများ ရေဓာတ်မခမ်းခြောက်ရေး ရေသောက်နားပေးနေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒိုင်လူကြီးက ပွဲရဲ့ တစ်ပိုင်းစီတွင် ရေသောက်နားရန် အချက်ပြချိန်တွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုများ ခံနေရပါတယ်။
တဖက်တွင် ယင်းရေသောက်နားချိန်တွင် နိုင်ငံတလွှားမှ ရုပ်သံများတွင် ကြော်ငြာများ ပြသနေပါတယ်။
အင်္ဂါနေ့တုန်းက အင်္ဂလန်နှင့် ဂါနာတို့ ဂိုးမရှိသရေကျတဲ့ ပွဲအပါအဝင် အချို့ပွဲစဉ်များများကစားရာ ကွင်းများတွင် ခေါင်မိုးအပြင် လေအေးပေးစနစ်လည်း ပါဝင်ရာ အပူချိန်သက်တောင့်သက်သာ ရှိရာ ရေသောက်နားရန် မလိုပါဘူး။
ဒါပေမဲ့ ဖီဖာဥက္ကဌက ပွဲအားလုံးတွင် ရေသောက်နားရန် ဆုံးဖြတ်လာမှုက အခွင့်အရေးတန်းတူရရှိစေမှုအပေါ် ရည်ရွယ်ကြောင်း ဆိုသွားပါတယ်။
အင်ဖန်တီနိုက "ဖီဖာအတွက် နောက်ထပ်ငွေကြေးအကျိုးကျေးဇူးပိုမရပါဘူး။ ကော်မရှင်အားလုံးကလည်း အကျိုးအမြတ်ကောင်းကောင်းနဲ့ ချုပ်ဆိုထားတာပါ။ ကျွန်တော်တို့အတွက် ငွေကြေးက အဓိကမကျပါဘူး။ အားကစားကြောင့်သာ ဒီလို လုပ်တာပါ"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် နည်းပြများအနေဖြင့် ရေသောက်နားချိန်တွင် ပွဲကို အလှည့်အပြောင်း ဖြစ်စေရေး ကစားသမားများကို အနီးကပ် နည်းဗျူဟာပိုင်း ညွှန်ကြားလမ်းညွှန်မှု ပြုလုပ်နိုင်ပါတယ်။
ဆက်လက်ပြီး အင်ဖန်တီနိုက "အဓိကအကြောင်းပြချက်(ရေသောက်နားမှု)က အပူချိန်ကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ၃၉ ရက်ကျော်ကစားရတဲ့ ကမ္ယာ့ဖလားလို ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့လည်း နားလည်တယ်။ အသင်းတွေဟာ ၃၉ ရက်မှာ ၈ ပွဲအထိ ကစားရနိုင်တာကြောင့် အနားရဖို့က အရမ်းအရေးကြီးတယ်"လို့ ဆိုသွားပါတယ်။
Fox Sports ဟာ အမေရိကန် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ရုပ်သံကြော်ငြာ ၃၀ စက္ကန့်စီအတွက် ဒေါ်လာ ၂ သိန်းမှ ဒေါ်လာ ၃ သိန်းအတွင်း ကောက်ခံနေပြီး ပြိုင်ပွဲအဆင့်အပေါ် မူတည်ကာ ဒေါ်လာ ၇၅၀၀၀၀ အထိ သတ်မှတ်ထားပါတယ်။
ဒါကြောင့်လည်း အမေရိကန်တွင် ကျင်းပတဲ့ ပွဲစဉ်များမှပင် ရေသောက်နားချိန်မှ ကြော်ငြာခ ဒေါ်လာ သန်း ၂၅၀ ကျော်အထိ ရရှိနေပါတယ်။