မိခင်နာရေးကြောင့် ပြင်သစ်သို့ ပြန်သွားခဲ့ရတဲ့ ဒီဒီယာဒက်ချမ့်
==================

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာ မိခင်နာရေးကြောင့် ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲကို ကြီးကြပ်လာနိုင်မှာ မဟုတ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာလာပါတယ်။
အသက် ၅၇ နှစ်ရှိ ဒက်ချမ့်ဟာ အင်္ဂါနေ့ နံနက်ပိုင်းတုန်းက မိခင်နာရေးသတင်းကို သိခဲ့ရတာဖြစ်ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖီးလစ်ပီဒီရယ်လိုရဲ့ ခွင့်ပြုချက်ဖြင့် ဈာပနအခမ်းအနားသို့ တက်ရောက်ရန် ပြင်သစ်သို့ ထွက်ခွာသွားခဲ့တာပါ။
ပြင်သစ်ဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနှစ်ပွဲတင် ဆီနီဂေါ၊ အီရတ်တို့ကို အနိုင်ရရှိပြီးနောက် ရှုံးထွက်အဆင့်သို့ တက်ရောက်ထားပြီးဖြစ်ကာ သောကြာနေ့တွင် ဘော်စတွန်မှာ နော်ဝေနှင့် အုပ်စုနောက်ဆုံးပွဲ ကစားရပါမယ်။
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လက်ထောက်နည်းပြဂိုင်းစတီဖင်က ဒက်ချမ့် ပြန်ရောက်လာတဲ့အထိ ပြင်သစ်အသင်းကို ဦးဆောင်သွားမယ်လို့ ဆိုထားပါတယ်။
ဒက်ချမ့်ဟာ ကစားသမားအဖြစ် ပြင်သစ်နှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလားနှင့် ယူရို ၂၀၀၀ ဖလားတို့ ရယူခဲ့ဖူးသူပါ။
သူဟာ ၂၀၁၂ ခုနှစ်တွင် ပြင်သစ်နည်းပြဖြစ်လာပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် ဦးဆောင်ထားနိုင်သလို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးထားနိုင်ပါတယ်။
ဒက်ချမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြင်သစ်နည်းပြရာထူးမှ ထွက်ခွာလာမဲ့သူလည်း ဖြစ်ပါတယ်။

image