ဇူလိုင်လအတွင်း မြစ်ကြီးနား-မိုးညှင်းရထားခရီးစဥ်ပြန်လည်ပြေးဆွဲနိုင်ရေး ရထားလမ်းပိုင်းများ၊ ဘူတာများကိုပြုပြင်နေ
ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-မိုးညှင်းရထားခရီးစဥ်အား လာမည့် ဇူလိုင်လအတွင်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မိုးညှင်းခရိုင်ရှိ ရထားလမ်းပိုင်းများနှင့် ဘူတာများကိုပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန်းမားကျေးရွာရှိ နန်းမားဘူတာပြုပြင်ခြင်း၊ နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင်တိုင် ၆၄၂/၁၇ နှင့် ၆၄၂/၁၈ ရှိ တံတားအ မှတ်(၆၁၁)ပျက်စီးနေမှုအား သံဘောင်ထည့်သွင်းခြင်း၊ ထောက်တိုင်ပြုလုပ်ထည့်သွင်းပြီး ဇလီဖားလဲလှယ်ခြင်းနှင့် သံလမ်းခင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တံတားချဉ်းကပ်သံလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ နန်းမားနှင့် မြို့သစ်ကလေးဘူတာကြား မိုင်တိုင် ၆၄၅/၁၀ နှင့် ၆၄၅/၁၁ ရှိ တံတား အမှတ်(၆၁၅)အား သံဘောင်နှင့် သံလမ်းခင်းခြင်း၊ ဟိုပင်မြို့၊ ဟိုပင်ဘူတာတွင် ရထားပြေးဆွဲချိန်အမီ ဥပဓိ ရုပ်ကောင်းမွန်ရေးနှင့် ပြုပြင်ဆောင်ရွက်ခြင်း၊ ကြာကြီးကွင်းကျေးရွာဆိုင်းဘုတ်အနီး ဟိုပင်နှင့် နန်းခွင်ဘူတာကြား တံတားအမှတ်(၆၂၇)၌ ရေလည်တိုင်ပြုပြင်ခြင်း၊ သံဘောင်ထည့်သွင်းခြင်း၊ တံတားချဉ်းကပ်သံလမ်းတစ်လျှောက်ရှင်းလင်းခြင်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ ဆားမှော်ဘူတာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ဆောင်ခြင်း၊ မီးရထားပြေးဆွဲပါက အသင့်ပြုပြင်ပြင်ဆင်ခြင်း၊ ဘူတာအဝင်နှင့် အထွက်တို့ရှိ သံလမ်းများကျောက်ဖြည့်ခြင်း၊ ဇလီဖားများမြှင့်တင်ခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုလုပ်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးပြီး ဒေသခံများနှင့်တွေ့ဆုံ၍ ရထားလမ်းအမြန်ဆုံးပြေးဆွဲနိုင်ရေးပြုပြင်ဆောင်ရွက်နေမှုများနှင့် လာမည့် ဇူလိုင်လအတွင်း ပြေးဆွဲနိုင်ရေးစီစဉ်ထားမှုတို့ကိုရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်းပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းပိုင်းပြုပြင်ခြင်းကို မိုးညှင်း-မြစ်ကြီးနား ခရီးမိုင်(၈၉)မိုင်အနက် မိုးကောင်း-မြစ်ကြီးနား (၃၆ ဒဿမ ၇၅)မိုင်သည် ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိ၍ ကျန် မိုးကောင်းမှ မိုးညှင်းအထိ(၅၂ ဒဿမ ၂၅) မိုင်အား မတ် ၂၃ ရက်မှစတင်ကာပြုပြင်လျက်ရှိရာ လမ်းပိုင်းအတွင်း ဘူတာ(၄)ခုပြုပြင်ပြီးခဲ့ကာ တံတားတိုင်များ၊ သံဘောင်ထည့်သွင်းခြင်းများကိုလည်းပြု လုပ်ပြီးဖြစ်ကြောင်း သိရသည်။