မြန်မာ- BIMSTEC ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နိုင်ငံခြားရေးဝန်ကြီးနှင့် BIMSTEC အတွင်းရေးမှူးချုပ် ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် BIMSTEC အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဉ် BIMSTEC လုပ်ငန်းစဉ်အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ၊ အထူးသဖြင့် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ၊ ဒေသတွင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဏ္ဍ၊ ဆက်သွယ်ချိတ်ဆက်ရေးကဏ္ဍများတွင် မြန်မာနိုင်ငံ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် BIMSTEC ၏ ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေးတွင် အဖွဲ့အစည်း၏ အခြေခံမူများကို လေးစားလိုက်နာရေး၊ ၂၀၂၇ ခုနှစ် ဇွန် ၆ ရက်တွင် ကျရောက်မည့် BIMSTEC တည်ထောင်မှု နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးနှင့် မြန်မာ- BIMSTEC ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
BIMSTEC အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey သည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် BIMSTEC အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ဖူးပြီး ယခုခရီးစဉ်မှာ ၎င်း၏ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် ဖြစ်သည်။
BIMSTEC ကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ကာ ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများအကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးကို ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
BIMSTEC ၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၇) ခုအနက် မြန်မာနိုင်ငံသည် “လယ်ယာစိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ” ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

image