အမေရိကန်ဗီဇာကြေး ကင်းလွတ်ခွင့် ရပြီးနောက် သားဖြစ်သူ ကိတ်ဗာဒီဂိုးသမား ဗိုဇင်ညာကို ကွင်းသို့ ကိုယ်တိုင်လာရောက်အားပေးခဲ့တဲ့ မိခင်
==================
ကိတ်ဗာဒီသူရဲကောင်းဗိုဇင်ညာဟာ အမေရိကန်အစိုးရကဘက်က ဗီဇာကြေး ကင်းလွတ်ကင်းပေးလာပြီးတဲ့နောက် သူ့အိပ်မက်အတိုင်း မိခင်ဖြစ်သူ ကိုယ်တိုင် ပွဲကြည့်စင်မှ ကြည့်ရှုအားပေးခြင်းခံလာရပါတယ်။
ဂိုးသမားရဲ့မိခင်အနာကန်ဒီဒါအီဗိုရာဟာ အမေရိကန်သို့ သွားလာခွင့် ရပြီးနောက် ကိတ်ဗာဒီရဲ့ ဥရုဂွေးနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်အား ကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။
ဗိုဇင်ညာဟာ ကိတ်ဗာဒီရဲ့ ပထမဆုံးကမ္ဘာ့ဖလားပွဲဖြစ်တဲ့ စပိန်နှင့်ပွဲတွင် ဂိုးမရှိသရေကျအောင် လက်စွမ်းပြကစားပြီးနောက် အမေရိကန်ဗီဇာကြေး မြင့်မားမှုကြောင့် မိခင်ဖြစ်သူ ကိုယ်တိုင်လာရောက်ကြည့်ရှုအားပေးနိုင်ခြင်း မရှိမှုကြောင့် ဝမ်းနည်းရကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ယင်းကို အမေရိကန်အာဏာပိုင်တို့က သိရှိသွားပြီးနောက် ဗီဇာကြေး ဒေါ်လာ ၁၁၀၀၀ ပေးသွင်းစရာမလိုဘဲ ဗီဇာကြေး အခမဲ့ဖြင့် ဗိုဇင်ညာရဲ့ မိခင် အမေရိကန်သို့ လာနိုင်ရေး အကူအညီပေးခဲ့ပါတယ်။
ကိတ်ဗာဒီအပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နိုင်ငံ ၅ ခုတို့မှာ ပရိသတ်များဟာ အမေရိကန်ဗီဇာရရှိရေး အာမခံငွေ ဒေါ်လာ ၁၁၀၀၀ ပေးသွင်းရန် လိုအပ်နေပြီး နိုင်ငံမှ ထွက်ခွာချိန်တွင်မှ ယင်းငွေကို ပြန်လည် ရရှိပါမယ်။
ဗိုဇင်ညာဟာ မိခင်အတွက် ဗီဇာကြေး အာမခံငွေ မပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုဇင်ညာဟာ စပိန်နှင့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အင်စတာဂရမ်အကောင့်တွင် ဖော်လိုဝါ ၅၀၀၀၀ ခန့်သာ ရှိပေမဲ့ ယခုအခါ ၁၅ သန်းကျော်အထိ ပိုင်ဆိုင်နေပြီလည်း ဖြစ်ပါတယ်။
ဗိုဇင်ညာဟာ ဥရုဂွေးနှင့် ပွဲတွင်လည်း ဆက်လက် လက်စွမ်းပြကာ အဖိုးတန် ရမှတ်တစ်မှတ် ရရအောင် ကူညီနိုင်ခဲ့ပါတယ်။
ကိတ်ဗာဒီဟာ လာမဲ့ စနေနေ့ ဆော်ဒီနှင့်ပွဲတွင် အနိုင်ရရှိလာပါက ကမ္ဘာ့ဖလားရှုံးထွက်အဆင်သို့ပါ တက်ရောက်နိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်ထားပါတယ်။