အင်တာမိုင်ယာမီသို့ ပြောင်းရန် သဘောတူညီမှု ရရှိလာတဲ့ ကက်စ်မီရို
===================

ဘရာဇီးကွင်းလယ်ကစားသမားကက်စ်မီရိုဟာ အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီသို့ ပြောင်းရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
မိုင်ယာမီဟာ ဘရာဇီးကွင်းလယ်ကစားသမားအား ခေါ်ယူရေးအတွက် အယ်လ်အေဂလက်ဆီနှင့် အပြိုင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။
ကက်စ်မီရိုဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ယူနိုက်တက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့သူ ဖြစ်ပြီး မေဂျာလိဂ်ချန်ပီယံအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာမှာလည်း ဖြစ်ပါတယ်။
မိုင်ယာမီဟာ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူအားဖြည့်ရန် ကာလရှည်ကြာ ရှာဖွေလာခဲ့တာ ဖြစ်ပြီး ကက်စ်မီရိုကို အဓိကပစ်မှတ်အဖြစ် ကြိုးပမ်းလာခဲ့တာပါ။
ယနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟောင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အင်တာမိုင်ယာမီသို့ ပြောင်းလာတော့မှာလည်း ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ ၂၀၂၅ ခုနှစ် နှစ်အကုန်တွင် စပိန်ဝါရင့်ကွင်းလယ်ကစားသမားဆာဂျီယိုဘက်စ်ကွက်ဇ် ကစားသမားဘဝမှ အနားယူသွားပြီးကတည်းက ကွင်းလယ်ကစားသမားတစ်ဦး ရှာဖွေလာတာပါ။
အင်တာမိုင်ယာမီဟာ အာဂျင်တီးနားကွင်းလယ်လူဒေးဗစ်အေယာလာကို ခေါ်ယူခဲ့ပေမဲ့ အသင်းတွင် အထိုင်ကျရန် ရုန်းကန်နေရသလို ယန်နစ်ခ်ဘရိုက်မှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ခြေစွမ်းမျိုး ပြသရန် ရုန်းကန်နေရပါတယ်။
အင်တာမိုင်ယာမီဟာ လုပ်ခကျော်လွန်ပေးနိုင်တဲ့ ကစားသမား ၃ ဦးအဖြစ် မက်ဆီ၊ ရိုဒရီဂိုဒီပေါလ်နှင့် ဂျာမန်ဘာတီရာမန်တို့အား ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ကက်စ်မီရိုအနေဖြင့် ပထမရာသီတွင် လုပ်ခနည်းပါးစွာ ရရှိလာမှာ ဖြစ်ပေမဲ့ နောက်ရာသီများတွင် ထပ်ပေါင်းအကျိုးခံစားခွင့် ရရှိလာပါမယ်။

image