ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရစဉ်တုန်းက ဒေးဗစ်ဘက်ဟမ်း ဝတ်ဆင်ခဲ့တဲ့ အင်္ကျီအား ပေါင် ၃၀၀၀၀ ဖြင့် လေလံတင်ရောင်းချလာမည်
===================

အင်္ဂလန်အတွက် ဒေးဗစ်ဘက်ဟမ်းရဲ့ ဒုတိယမြောက်နာမည်ဆိုးဖြင့် ကျော်ကြားခဲ့စဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ အင်္ဂလန်အသင်းအင်္ကျီကို‌ လေလံတင် ရောင်းချလာပါမယ်။
အသက် ၅၁ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းဟာ အင်္ဂလန်အတွက် ၁၁၅ ပွဲကစားစဉ်အတွင်း အနီကတ် ၂ ကြိမ် ပြသခံခဲ့ရသူ ဖြစ်ပါတယ်။
သူဟာ အာဂျင်တီးနားအား ရှုံးနိမ့်တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတွင် ပထမအကြိမ် အနီကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ယင်းနောက် သူဟာ ၇ နှစ်အကြာ အင်္ဂလန်အတွက် ၈၅ ပွဲမြောက်ကစားတဲ့ ၂၀၀၅ ခုနှစ် အောက်တိုဘာလတုန်းက အိုးထရက်ဖို့ဒ်တွင် ဩစတြီးယားနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဒုတိယမြောက် အနီကတ်ပြသခံခဲ့ရပါတယ်။
ယင်းပွဲတွင် အင်္ဂလန်ဟာ ဖရန့်လမ်းပတ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ၁-၀ ဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ယင်းပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရကာ အနီကတ် ၂ ကြိမ် ပြသခံရတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားဖြစ်လာတဲ့ ဒေးဗစ်ဘက်ဟမ်းကတော့ ဝေဖန်ခြင်းခံခဲ့ရပါတယ်။
အဆိုပါပွဲစဉ်တွင် ဒေးဗစ်ဘက်ဟမ်းဟာ ကျောနံပါတ် ၇ လက်ရှည်အင်္ကျီကို ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး ပထမပိုင်းတွင် တစ်ထည်၊ ဒုတိယပိုင်းတွင် တစ်ထည် ဝတ်ဆင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ယင်းအင်္ကျီကို လာမယ့် ဇွန်လ ၂၅ ရက်နေ့ ကြာသပတေးနေ့တွင် လေလံတင် ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
လေလံတင် ရောင်းချသူများက ဒေးဗစ်ဘက်ဟမ်းရဲ့ အင်္ကျီများကို ပေါင် ၂၀၀၀၀ မှ ပေါင် ၃၀၀၀၀ အတွင်းကြေးဖြင့် လေလံတင် ရောင်းချနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
ယင်းအင်္ကျီကို ထိန်းသိမ်းထားခဲ့တဲ့ အင်္ဂလန်အသင်းဝတ်စုံမန်နေဂျာဟောင်းတစ်ဦးက လေလံတင် ရောင်းချလာတာပါ။
ယင်းလေလံပွဲတွင် ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အင်္ဂလန်ဂန္ထဝင်အလန်ဘောဝတ်ဆင်ခဲ့တဲ့ အင်္ကျီ၊ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်ဂိုးသမားပီတာရှဲလ်တန်ဝတ်ဆင်ခဲ့တဲ့ အင်္ကျီတို့ကိုလည်း လေလံတင် ရောင်းချလာပါမယ်။
ဒါ့အပြင် ယင်းလေလံပွဲတွင် ပီလီရဲ့ ၁၉၅၈ ကမ္ဘာ့ဖလားရွှေတံဆိပ်ဆုကိုလည်း လေလံတင် ရောင်းချလာမှာ ဖြစ်ပြီး ပေါင် ၃၀၀၀၀၀ မှ ပေါင် ၅၀၀၀၀၀ အတွင်း ရရှိရန် မျှော်မှန်းထားသလို ၁၉၇၀ တုန်းက ပီလီရဲ့ ကန်ချက်ကို ကာကွယ်ခဲ့တဲ့ ဂေါ်ဒွန်ဘန့်ရဲ့ အင်္ကျီကိုလည်း ပေါင် ၂၀၀၀၀၀ မှ ပေါင် ၃၀၀၀၀၀ အတွင်း ကြေးဖြင့် ရောင်းချနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

image