ပါးစပ်ကို ကာထားမှုအတွက် ပထမဆုံးအနီကတ်ပြထုတ်ပယ်ခံရတဲ့ ကစားသမားဖြစ်လာတဲ့ အယ်မီရွန်
=====================

ပါရာဂွေးရဲ့မီဂွယ်အယ်မီရွန်ဟာ ဆန်ဖရန်ဆစ္စကိုတွင် တူရကီနှင့်ကစားတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် ပြိုင်ဘက်အသင်းအား စကားပြောရာတွင် ပါးစပ်ကို ကာထားမှုအတွက် အနီကတ်ပြထုတ်ပယ်ခြင်းခံရတဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။
အသက် ၃၂ နှစ်ရှိ နယူးကာဆယ်နှင့် လက်စတာစတားဟောင်းဟာ တူရကီရဲ့ မတ်အူလ်ဒါကို စကားပြောဆိုရာတွင် ပါးစပ်ကို ကာကာ စကားပြောခဲ့တာ ဖြစ်ပါတယ်။ ချက်ချင်းဆိုသလို တူရကီကစားသမားက အနီးတွင် ရပ်တည်နေတဲ့ ဒိုင်ကို အသိပေးခဲ့ပါတယ်။
VAR က စစ်ဆေးမှု ပြုလုပ်ပြီးတဲ့နောက် အယ်လ်ဆာဗေးဒိုးဒိုင်လူကြီးအိုင်ဗန်ဘာတွန်က အယ်မီရွန်ကို အနီကတ်ပြထုတ်ပယ်လိုက်ကြောင်း ပရိသတ်များကို ကြေညာလာပါတယ်။
အထက်ပါအဖြစ်အပျက်မှာ ပါရာဂွေးက ၁-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ ပထမပိုင်းမပြီးခင် ဖြစ်ပျက်ခဲ့တာပါ။
ပါရာဂွေးဟာ တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမဲ့လည်း တူရကီကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ သောကြာနေ့ ဩစတြေးလျနှင့် အုပ်စုနောက်ဆုံးပွဲတွင် အနိုင်ရရှိပါက ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ပါမယ်။
အထက်ပါ စည်းမျဉ်းကို ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုလာခဲ့တာလည်း ဖြစ်ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလတုန်းက လစွဘွန်းတွင် ကစားတဲ့ ဘင်ဖီကာနှင့် ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပွဲစဉ်တွင် ဘင်ဖီကာတောင်ပံကစားသမားဂျီယန်လူကာပရီစတီနီဟာ ဗီနီရှပ်စ်အား စကားပြောရာတွင် အင်္ကျီစဖြင့် ကာကာ စကားပြောခဲ့ပြီးနောက် အထက်ပါစည်းမျဉ်းကို နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့က ဧပြီလတုန်းက အစည်းအဝေးတွင် ချမှတ်ခဲ့တာပါ။
အာဂျင်တီးနားကစားသမားဟာ ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်လို့ စွပ်စွဲခြင်းခံခဲ့ရပြီး စုံစမ်းစစ်ဆေးခြင်းခံခဲ့ရပါတယ်။
နောက်ဆုံးတွင်တော့ အာဂျင်တီးနားကစားသမားဟာ လိင်တူမှတ်ချက်ပြု ပြောဆိုခဲ့တယ်ဆိုပြီး ၆ ပွဲပယ်( ၃ ပွဲဆိုင်းငံ့) ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။

image