ခရီးသွားလာခွင့် ကန့်သတ်ခံရမှုအပေါ် ဖီဖာထံ စောဒကတက်လာမဲ့ အီရန်
===================
အီရန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ခရီးသွားလာခွင့် ကန့်သတ်ခြင်းခံရမှုအပေါ် ဖီဖာထံ စောဒကတက်မှု ပြုလုပ်လာပါမယ်။
အီရန်ဟာ စစ်ဖြစ်နေတဲ့ အမေရိကန်သို့ ပွဲမတိုင်မီ တစ်ရက်အလိုတွင် ပြည်ဝင်ခွင့် ရရှိထားပေမဲ့လည်း ပွဲပြီးတဲ့ နေ့တွင်ပင် ဗီဇာအနေအထားအရ ထွက်ခွာရပါတယ်။
ယင်းကဲ့သို့ အခြေအနေကြောင့် အီရန်အသင်းနည်းပြအေမာဂါလီနိုအီးက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းတို့အသင်းမှာ အဖိနှိပ်ခံရဆုံးအသင်းဖြစ်ကြောင်း နယူးဇီလန်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် လူသိရှင်ကြား ပြောကြားသွားခဲ့ပါတယ်။
ယခုအခါ အီရန်ဘောလုံးအဖွဲ့ချုပ်က ယခုကဲ့သို့ ခရီးသွားလာမှု ကန့်သတ်ခံရမှုက ပြိုင်ပွဲဝင်အသင်းအားလုံး တန်းတူအခွင့်အရေးရရှိမယ်ဆိုတဲ့ အချက်နှင့် မကိုက်ညီစေဘဲ အသင်းရဲ့ ပြင်ဆင်မှုအပေါ် များစွာ ဆိုးကျိုးသက်ရောက်နေကြောင်း ကြေညာသွားပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် စစ်ဖြစ်နေမှုနှင့်အတူ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မရေမရာ အခြေအနေနှင့် ကြုံခဲ့ရတဲ့အသင်းပါ။
ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုဟာ နယူးဇီလန်နှင့်ပွဲအပြီးတွင် အီရန်အသင်း အဝတ်အစားလဲခန်းသို့ ဝင်ရောက်ကာ စကားပြောမှုများရှိခဲ့ပေမဲ့လည်း ပြဿနာများက ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။
အီရန်အသင်းအား နောက်ကွယ်မှ ပံ့ပိုးရတဲ့ဝန်ထမ်းအချို့တို့မှာ အမေရိကန်ပြည်ဝင်ခွင့် ဗီဇာမရရှိတဲ့ ပြဿနာကြုံခဲ့ရပါတယ်။
အီရန်ဟာ အစောပိုင်းတုန်းက အမေရိကန်တွင် အခြေစိုက်ရန် စီစဉ်ထားခဲ့ပေမဲ့ နောက်ပိုင်းတွင် မက္ကဆီကိုသို့ ပြောင်းရွှေ့ အခြေစိုက်မှု ပြုလု်ပခဲ့ပါတယ်။
၎င်းတို့ဟာ လာမဲ့ ဇွန်လ ၂၁ ရက်နေ့တွင် အယ်လ်အေတွင် ဘယ်လ်ဂျီယံနှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် ဆက်တယ်တွင် အိဂျစ်နှင့်လည်းကောင်း ကမ္ဘာ့ဖလားအုပ်စုပွဲများ ကစားရပါဦးမယ်။