MFF ၏ Service Award ဆုချီးမြှင့်ခြင်းခံထားရသော ရွှေခတ်အကြို မြန်မာ့လက်ရွေးစင်ကစားသမားဦးဘရီ ယနေ့ ဇွန် ၂၂ ရက်ကကွယ်လွန်
ရွှေခတ်အကြို မြန်မာ့လက်ရွေးစင်ကစားသမားဦးဘရီ (၈၈)နှစ်သည် ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ဦးဘရီသည် မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံအတွက်ဆုတံဆိပ်များ ရယူပေးခဲ့သည့်အပြင် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးအရာရှိ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီတာဝန်များအား နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် MFF ကတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ဦးဘရီအား ၂၀၂၄ ခုနှစ်တွင် Service Award ဆုကို ချီးမြှင့်ဂုဏ်ပြုခဲ့ရာ ယခု ဦးဘရီကွယ်လွန်ခြင်းသည် မြန်မာ့ဘောလုံးလောကအတွက် ဆုံးရှုံးနစ်နာစရာတစ်ခုဖြစ်၍ ဦးဘရီ၏သမိုင်းမှတ်တမ်းကောင်းများအတွက် ဂုဏ်ပြုလေးစားနေမည်ဟု MFF က ဝမ်းနည်းစကားဆိုခဲ့သည်။