သံတမန်ရေးရာ ကိစ္စရပ်တွေအတွက် မြေကွက်တွေ ထပ်ဝယ်ဖို့ မြန်မာနိုင်ငံရဲ့ တောင်းဆိုချက်ကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု
အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ထိုင်းနိုင်ငံမှာ သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရုံး ကိစ္စရပ်တွေအတွက် မြေနဲ့ အဆောက်အအုံတွေ ထပ်ပြီး ဝယ်ယူခွင့်ပြုမယ့် သဝဏ်လွှာ အပြန်အလှန်လဲလှယ်ရေး မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီလို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီတာ ဖတ်သီရိဝပ်တနာက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြထားတဲ့ ဒီအဆိုပြုချက်ဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးရဲ့ နယ်မြေတွေထဲမှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး လုပ်ငန်းတွေအတွက် မြေနဲ့ အဆောက်အအုံတွေကို အပြန်အလှန် ပိုင်ဆိုင်ခွင့်ပြုမယ့် ကိစ္စရပ် ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံဟာ ရန်ကုန်မြို့မှာ ထိုင်းသံရုံးနဲ့ သံအမတ်ကြီးနေအိမ်အဖြစ် အသုံးပြုဖို့အတွက် ၁၄,၆၀၅ စတုရန်းမီတာခန့်ရှိတဲ့ မြေနဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားတယ်လို့ လာလီတာက ပြောပါတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ ဘန်ကောက်မြို့မှာ မြန်မာသံရုံးနဲ့ ဆက်စပ်သံတမန်ရေးရာ အဆောက်အအုံတွေအတွက် ၁၆,၆၀၀ စတုရန်းမီတာခန့်ရှိတဲ့ မြေနဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားပါတယ်။ နှစ်နိုင်ငံစလုံးဟာ ဒီပိုင်ဆိုင်မှုတွေကို ၁၉၄၈ ခုနှစ်ကတည်းက လက်ရှိအချိန်ထိ ပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှာ နောက်ထပ် ၃,၃၀၆ ဒသမ ၈ စတုရန်းမီတာ ရှိတဲ့ မြေနဲ့ အဆောက်အအုံတွေကို ဝယ်ယူခွင့်ပေးဖို့ တောင်းဆိုလာတာ ဖြစ်ပါတယ်။ ဝယ်ယူမယ့်အထဲမှာ ချင်းမိုင်မြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တိုးချဲ့ဖို့နဲ့ ကောင်စစ်ဝန်ချုပ်နဲ့ ဝန်ထမ်းတွေ နေထိုင်ဖို့ နေရာတွေအပြင်၊ ဘန်ကောက်မြို့မှာ အလုပ်သမားသံအရာရှိတွေရဲ့ ရုံးခန်းနဲ့ နေအိမ်အဖြစ် အသုံးပြုမယ့် နေရာတွေ ပါဝင်ပါတယ်။
အခုလို ထိုင်းအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ဟာ ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး ကုန်းတွင်းနယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုပြီးတော့ ခိုင်မာစေတယ်လို့ လာလီတာက ပြောပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်ဟာ သံတမန်ရေးနဲ့ ကောင်စစ်ဝန်ရုံး လုပ်ငန်းတွေကို ပိုပြီးအဆင်ပြေချောမွေ့စေမှာ ဖြစ်သလို အလုပ်သမားရေးရာ၊ လူသားလုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို စီမံခန့်ခွဲတဲ့နေရာတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်းလာစေလိမ့်မယ်လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။