ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန်တို့နှင့် လွှတ်တော်ဆက်ဆံရေးမြှင့်တင်ရေး ချစ်ကြည်ရင်းနှီးမှုအသင်းများ အမျိုးသားလွှတ်တော်၌ ဖွဲ့စည်း

မြန်မာနိုင်ငံနှင့် ရုရှား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နိုင်ငံတို့အကြား လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ-ရုရှား၊ မြန်မာ-ဘယ်လာရုစ်နှင့် မြန်မာ-ကာဇက်စတန် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းများကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (သတ္တမနေ့) တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မြန်မာ-ရုရှား လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းကို ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဇဝနက အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ယူကာ အဖွဲ့ဝင် (၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
အလားတူ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်သန်းထွန်းအောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးဒေါ်စုမြတ်ဝေက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အဖွဲ့ဝင် (၅) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ကာဇက်စတန် လွှတ်တော်ချင်းချစ်ကြည်ရင်းနှီးရေးအသင်းကို ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးရခွီဖုန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးတင့်လွင်အေးက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အဖွဲ့ဝင် (၅) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းအသင်းများ ဖွဲ့စည်းခြင်းသည် သက်ဆိုင်ရာနိုင်ငံများနှင့် လွှတ်တော်အဆင့် ဆက်ဆံရေး၊ အတွေ့အကြုံဖလှယ်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အစည်းအဝေးအတွင်း တောင်သူလယ်သမားရေးရာကော်မတီ၊ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာကော်မတီနှင့် ပညာရေးမြှင့်တင်မှုကော်မတီတို့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

image