ပြည်တွင်းစက်သုံးဆီဈေး (၉)ပတ်ဆက်တိုက် ကျဆင်း
ဒီဇယ်တစ်လီတာ ကျပ် ၃၉၀၀ ဝန်းကျင်အထိ ကျဆင်းလာ
စက်သုံးဆီဈေးနှုန်းသည် သင်္ကြန်ကျော်ကာလမှစတင်ကာ (၉)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ပြီး ယခုတစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၃၇၈၅ ကျပ်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၉၀၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
နှစ်လကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၃၀၀၀ ကျော် ကျဆင်းခဲ့သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ (ဇွန် ၁၉ ရက်) တွင် ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် –
ဓာတ်ဆီ 92 Ron: ၃,၇၈၅ ကျပ်၊
ဓာတ်ဆီ 95 Ron: ၃,၈၃၀ ကျပ်၊
ဒီဇယ် (HSD 500 ppm): ၃,၉၁၀ ကျပ်၊
ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm): ၄,၇၂၀ကျပ် အသီးသီး ဖြစ်သည်။ ဇွန် ၂၅ ရက်အထိ ယင်းဈေးနှုန်းအတိုင်းသာ ရှိနေမည်ဖြစ်သည်။
ယနေ့တွင် ကမ္ဘာ့ရေနံဈေးနှုန်းအနေဖြင့် ရေနံစိမ်းတစ်စည်လျှင် ၇၅ ဒေါ်လာဝန်းကျင်ရှိနေကာ ယခင်တစ်ပတ်ထက် ရေနံစိမ်းတစ်စည်လျှင် ၁၀ ဒေါ်လာဝန်းကျင် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးမှာ ဓာတ်ဆီရော ဒီဇယ်ပါ ဈေးကျဆင်းလာခြင်း ဖြစ်သည်။
ယခုတစ်ပတ်စက်သုံးဆီဈေးနှုန်းကို ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက
ဓာတ်ဆီ 92 Ron: တစ်လီတာလျှင် ၉၅ ကျပ်၊
ဓာတ်ဆီ 95 Ron: တစ်လီတာလျှင် ၈၅ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၈၅ ကျပ် ၊
ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၈၀ အထိ ထပ်မံစျေးကျလာခြင်းဖြစ်သည်။
ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၉)ပတ်အတွင်း –
ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၉၅၀ ကျပ်၊
ဓာတ်ဆီ 95 Ron တစ်လီတာလျှင် ၁၁၁၅ ကျပ်၊
ဒီဇယ် တစ်လီတာလျှင် ၂၅၇၅ ကျပ်၊
ပရီမီယံဒီဇယ် တစ်လီတာလျှင် ၃၀၃၅ ကျပ် စျေးကျလာခဲ့သည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းပေါ်တွင် အခြေခံ၍ နေ့စဉ်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိပြီး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်း သို့မဟုတ် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ်များဖြစ်သော ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။