ဒေးဗစ်ဘက်ဟမ်းရဲ့ အင်္ဂလန်အတွက် ၁၁၅ ပွဲကစားထားတဲ့ စံချိန်ကို လိုက်မီလာမှာ ဖြစ်လို့ ဂုဏ်ယူနေတဲ့ ဟယ်ရီကိန်း
======================
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ယနေ့ည ခရိုအေးရှားနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် အသင်းခေါင်းဆောင်ဟောင်းဒေးဗစ်ဘက်ဟမ်းရဲ့ အင်္ဂလန်အတွက် ၁၁၅ ပွဲကစားထားတဲ့ စံချိန်အား လိုက်မီလာမှာ ဖြစ်လို့ ဝမ်းသာ ဂုဏ်ယူနေပါတယ်။
ဟယ်ရီကိန်းဟာ ငယ်စဉ်ကတည်းက လေးစားအားကျလာခဲ့ရတဲ့ အရှေ့လန်ဒန်သား ဒေးဗစ်ဘက်ဟမ်းရဲ့ စံချိန်ကို လိုက်မီလာမှာလည်း ဖြစ်ပါတယ်။
ဘက်ဟမ်းကို ငယ်စဉ်ကတည်းက အားကျလာခဲ့တဲ့ ဟယ်ရီကိန်းဟာ အသက် ၁၁ နှစ် အရွယ် ၂၀၀၅ ခုနှစ်တုန်းက ဂရင်းဝစ်ရှိ Beckham Acadamy တွင် နောင်တွင် ဇနီးဖြစ်လာမဲ့ ကိတ်ဂုဒ်ဝင်းနှင့်အတူ ဒေးဗစ်ဘက်ဟမ်းနှင့် ဆုံစည်း ဓာတ်ပုံရိုက်ကူးခွင့် ရခဲ့သူလည်း ဖြစ်ပါတယ်။
အင်္ဂလန်အတွက် ၇၉ ဂိုးသွင်းကာ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားတဲ့ ဟယ်ရီကိန်းက "အရမ်း ဂုဏ်ယူတယ်။ ဆာဒေးဗစ်ရဲ့ပွဲအရေအတွက်အမျိုး ကစားနိုင်ဖို့ အရမ်းမျှော်လင့်ခဲ့တာ။ သူက ကျွန်တော့်ဘဝရဲ့ သူရဲကောင်းပါ။ ကျွန်တော်က သူနဲ့ အင်္ဂလန်အမာခံပရိသတ်ပါ။ အသင်းခေါင်းဆောင်ဖြစ်လာဖို့ သူက တကယ်တွန်းအားပေးခဲ့တာ။ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ နေရာတူတယ်။ ကျောင်းလည်း တူတယ်။ သူကစားတာ ကြည့်ရတာ အရမ်းသဘောကျတယ်။ သူနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ ကျွန်တော့်ဇနီးလည်း ပါတယ်။ အဲဒီတုန်းက သူငယ်ချင်းအဖြစ်ပဲ ရှိသေးတယ်။ တကယ့်ကို အမှတ်ရစရာဓာတ်ပုံပါ။ ဒီလိုအခြေအနေမျိုးအထိ ရောက်လာတာ မယုံနိုင်အောင်ပါပဲ။ ငယ်ရွယ်စဉ် အသက် ၁၁ နှစ်အရွယ်တုန်းက အိပ်မက်တွေနဲ့ပဲ ရှိခဲ့တာ။ ဘောလုံးသမားဖြစ်လာဖို့ပဲ ဆန္ဒပြင်းပြနေခဲ့တာ။ အခု ၁၁၅ ပွဲမြောက်ပွဲကစားနိုင်တော့မယ်။ ခြောက်ကြိမ်မြောက် နိုင်ငံတကာပွဲကို အသင်းခေါင်းဆောင်အဖြစ်ရော နိုင်ငံရဲ့ဂိုးအများဆုံးသွင်းယူထားသူစံချိန်ရှင်အနေနဲ့ပါ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ဂုဏ်ယူတယ်"လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲအရပ်ရပ် ၆၁ ဂိုးသွင်းထားနိုင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားတွင် အောင်မြင်မှု ရရှိအောင် ဦးဆောင်ရေး ဖိအားများနှင့် ကြုံနေရသူလည်း ဖြစ်ပါတယ်။