တစ်နာရီ မိုင် ၈၀ နှုန်းဖြင့် လေဆင်နှာမောင်းတိုက်ခတ်ကာ သစ်ပင်များ လဲကျမှုကြောင့် ဟိုတယ်တွင် လော့ဒေါင်းချနေထိုင်နေခဲ့ရတဲ့ အင်္ဂလန်အသင်း
====================
အင်္ဂလန်အသင်းသားများဟာ လေဆင်နှာမောင်းသတိပေးများ ထုတ်ပြန်ချက်နှင့်အတူ မိုးကြိုးမုန်တိုင်းတိုက်ခတ်မှုကြောင့် ဟိုတယ်တွင် လော့ဒေါင်းချကာ နေထိုင်ခဲ့ရပါတယ်။
ဟယ်ရီကိန်းနှင့် အင်္ဂလန်သားတို့ဟာ ဖုန်းအတွင်းတွင် ရာသီဥတုသတိပေး မက်ဆေ့ချ်များ ဝင်ရောက်လာပြီးနောက် ကန်ဆက်စ်စီးတီးရှိ အသင်းခြေစိုက်ရာစခန်းတွင် စကော့တလန်နှင့် ဟေတီပွဲကို ကြည့်ခဲ့ရပါတယ်။
၎င်းတို့ဟာ တစ်နာရီ မိုင် ၈၀ နှုန်းဖြင့် လေပြင်းမုန်တိုင်း တိုက်ခတ်မှုနှင့်အတူ မြေအောက်ခန်းထဲ ဝင်ရောက်နေထိုင်ခဲ့ရပါတယ်။
အင်္ဂလန်အသင်းအခြေစိုက်ရာ စခန်းဧရိယာတွင် မိုးကြိုးမုန်တိုင်းတိုက်မှုကြောင့် သစ်ပင်များ လဲကျကာ ဓာတ်အားလိုင်းပြတ်တောက်မှုများ၊ မီးလောင်မှုများ ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ စနေနေ့တုန်းက အသင်းအခြေစိုက်ရာ စခန်းသို့ ရောက်တဲ့နေ့မှာပင် ကန်ဆက်စ်စီးတီးရဲ့ ဆိုးရွားတဲ့ ရာသီဥတုကို ပထမဆုံးအကြိမ် မြည်းစမ်းခဲ့ကြရတာပါ။
အင်္ဂလန်အသင်းဟာ ယင်းနေ့ အစောပိုင်းတုန်းက Swope Soccer Village တွင် ပရိသတ်များ ရှေ့မှောက် အပူချိန် 32C အောက်တွင် အပေါ့စားလေ့ကျင့်ခန်းများ ဆင်းပြီးနောက် ၂ နာရီအကြာတွင် မိုးသက်မုန်တိုင်းနှင့် ကြုံခဲ့ရတာပါ။
အင်္ဂလန်အသင်းသတင်းရင်းမြစ်က "ကြောက်စရာကြီး။ စကော့တလန်ပွဲ ကြည့်နေချိန်မှာ ဖုန်းထဲသို့ ရာသီဥတုသတင်းပေးချက်တွေ ရောက်လာသလို ရုပ်သံကလည်း ရာသီဥတုသတိပေးချက်တွေ ထုတ်ပြန်လာတယ်။ အစောပိုင်းတုန်းကပဲ ရာသီဥတုက ကြည်လင်နေပြီး ကစားသမားတွေ ချွေးသံရဲရဲနဲ့ လေ့ကျင့်ခန်းဆင်းခဲ့ကြတာလေ။ ရာသီဥတုက ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ လူတိုင်း အကြံပေးချက်အတိုင်း လိုက်နာပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ နေကြတယ်။ ဒီကနေ့ နေထွက်နေပြန်တယ်။ အလုပ်ပြန်လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်အသင်းတည်းခိုရာ The Inn နှင့် နှစ်မိုင်အကွာတွင် ဆိုးရွားတဲ့ ရာသီဥတုကြောင့် သစ်ပင်များ ကျိုးကျမှုများ ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။