“MAEX မှ ကျောင်းသား၊ ကျောင်းသူ ၅၈၄ ဦးအား ကျောင်းသုံးပစ္စည်းနှင့် ထောက်ပံ့ကြေးများ ပေးအပ်”
မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ ပဉ္စမအကြိမ်မြောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက တညင်းကုန်းလက်ကားဈေးကြီး ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တညင်းကုန်းလက်ကားဈေးကြီးမှ ဈေးသူဈေးသားများ၊ ကုန်တင်ကုန်ချဝန်ထမ်းများနှင့် MAEX ကုမ္ပဏီဝန်ထမ်းများ၏ ကျောင်းနေအရွယ် သားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ရေဘူးများ၊ ထမင်းဘူးများ၊ ကျောပိုးအိတ်များနှင့် ကျောင်းဝတ်စုံဖိုး ထောက်ပံ့ပေးအပ်ခဲ့သည်။
" ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်မှာ ဝန်ထမ်းမိသားစုရဲ့သားသမီးတွေပါမယ်။ စျေးသူ စျေးသား၊ စျေးအကူ၊ ကုန်တင်ကုန်ချ၊ လုံခြုံရေး၊ ဘေးတွဲသမား၊ တုတ်တုတ်မောင်းသူတွေရဲ့ မိသားစုတွေရဲ့ သားသမီးတွေပါမယ်။ ထောက်ပံ့ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းနေအရွယ်သားသမီးတွေကို ပညာသင်ကြားခွင့် တန်းတူရရှိရေး၊ သင်ကြားရေးပစ္စည်းများစုံလင်စွာပံ့ပိုးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်နိုင်ရေးအတွက် အဓိကရည်ရွယ်ပါတယ်" ဟု မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ အထွေထွေမန်နေဂျာ ဦးရဲထွဋ်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ထောက်ပံ့မှုအနေဖြင့် မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦး၊ အလယ်တန်း ၁၃၈ ဦး၊ အထက်တန်း ၅၄ ဦးနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး စုစုပေါင်း ၅၈၄ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေပမာဏအနေဖြင့် မူလတန်းကျောင်းသားတစ်ဦးလျှင် ကျပ် ၈၂,၇၀၀ နှုန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားတစ်ဦးလျှင် ကျပ် ၁၂၆,၅၀၀ နှုန်း၊ တက္ကသိုလ်ကျောင်းသားတစ်ဦးလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ပစ္စည်းနှင့် ငွေတန်ဖိုး ကျပ် ၅၈,၈၀၅,၂၀၀ ဖိုး ပေးအပ်ခဲ့ကြောင်း သိရသည်။