ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားအဖွင့်ပွဲကို လွဲချော်လာတဲ့ ပရီးမီးယားလိဂ်ဒိုင်လူကြီး
==================
အင်္ဂလိပ်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာဟာ ဒဏ်ရာပြဿနာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ပထမဆုံးပွဲကို ကြီးကြပ်လာနိုင်မှာ မဟုတ်ပါဘူး။
အသက် ၄၁ နှစ်ရှိ အိုလီဗာဟာ တနင်္ဂနွေနေ့တွင် ဖယ်လာဒယ်ဖီယာမှာ အိုင်ဗရီကို့စ်နှင့် အီကွေဒေါတို့ပွဲစဉ်အား ကြီးကြပ်ရမှာ ဖြစ်ပေမဲ့ ဒဏ်ရာရရှိနေမှုနှင့်အတူ ပြင်သစ်ဒိုင်လူကြီးဖရန်ကို့စ်လီတီဇီယာနှင့် အစားထိုးခြင်းခံလာရပါတယ်။
ဒါပေမဲ့ ဖီဖာက အိုလီဗာမှာ လာမယ့်ရက် ကမ္ဘာ့ဖလားပွဲစဉ်များတွင် ပြန်လည်တာဝန်ထမ်းဆောင်လာနိုင်ဖို့ ရှိကြောင်း ဆိုထားပါတယ်။
အိုလီဗာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခြင်းခံရတဲ့ ဒိုင်လူကြီး ၅၂ ဦးထဲမှ တစ်ဦးဖြစ်ပါတယ်။
သူဟာ အန်တိုနီတေလာနှင့်အတူ ကွင်းလယ်ဒိုင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အခြားအင်္ဂလိပ်စည်းကြပ်ဒိုင်များအဖြစ် ဂယ်ရီဘီဆွစ်ခ်၊ အဒမ်နန်း၊ စတူးအပ်ဘန့်၊ ဂျိမ်းစ်မိုင်ဝါရင်းတို့လည်း ရွေးချယ်ခံခဲ့ရပါတယ်။
အိုလီဗာဟာ ၂၀၁၀ ခုနှစ်တွင် ပရီးမီးယားလိဂ်မှာ စတင်တာဝန်ထမ်းဆောင်ခွင့်ရခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ ယူအီးအက်ဖ်အေဒိုင်စာရင်းထဲတွင် ပါဝင်ခဲ့ပါတယ်။
သူဟာ ခရိုအေးရှားနှင့် ဘရာဇီးတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပါအဝင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကြီးကြပ်ခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ကြီးကြပ်ခဲ့ပါတယ်။
အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းလယ်ဒိုင် ၅၃ ဦး၊ စည်းကြပ်ဒိုင် ၈၈ ဦးနှင့် ဗီဒီယိုဒိုင် ၃၀ တို့ တာဝန်ထမ်းဆောင်နေပါတယ်။