ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း(CP) သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် သီးနှံဖြစ်သဖြင့် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) များကို မိုးဦးကျကာလဖြစ်သည့် မေလနှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရိတ်သိမ်းခြွေလှေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
တောင်သူအချို့မှာ ဆောင်းသီးနှံအဖြစ် ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးကြသူများလည်း ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မျိုးစေ့၊ မြေဩဇာ၊ စက်သုံးဆီနှင့် လုပ်အားခများ မြင့်တက်လာသဖြင့် တစ်ဧကလျှင် ကျပ် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ ကုန်ကျနိုင်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
အဆိုပါကုန်ကျစရိတ်များတွင် မြေပြင်ဆင်ခြင်း၊ မျိုးစေ့ဝယ်ယူခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းခများ ပါဝင်ကြောင်း သိရသည်။
တောင်သူများ၏ ခန့်မှန်းချက်အရ ယခုနှစ် မိုးရွာသွန်းမှု မှန်ကန်ပြီး ရာသီဥတု သင့်တင့်မျှတမှုရှိပါက အစေ့ထုတ်ပြောင်း(CP) အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၅၀ မှ ၆၀ ကျော်အထိ ထွက်ရှိနိုင်ကြောင်း သိရသည်။ ထို့အပြင် စျေးကွက်ပေါက်စျေးနှင့် အထွက်နှုန်းကောင်းမွန်မှုအပေါ် မူတည်၍ တစ်ဧကလျှင် အသားတင်အကျိုးအမြတ် ကျပ် ၅ သိန်းမှ ၈ သိန်းအထိ ရရှိနိုင်မည်ဟု တွက်ချက်ထားကြကြောင်း သိရသည်။
လက်ရှိတွင် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီး၌ မိုးဦးကျ ပြောင်းစိုက်ခင်းများ သဘာဝမိုးရေဖြင့် အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိပြီး၊ ရာသီဥတု ဆက်လက်ကောင်းမွန်ပါက ယခုနှစ်တွင် ပြောင်းစိုက်တောင်သူများ စီးပွားရေးအရ ပိုမိုတွက်ချေကိုက်ကာ အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။