PSR စည်းမျဉ်းချိုးဖောက်မှုအတွက် ဘန်လေကို ပေါင် ၃၅ သန်းပေးလာရတော့မဲ့ အဲဗာတန်
===================
အဲဗာတန်ဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ကြောင်း တွေ့ရှိခဲ့ရပြီးနောက် ဘန်လေအား နစ်နာကြေး ပေါင် ၃၅ သန်းပေးလာရတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကော်မရှင်ရဲ့ ကြားနာဆုံးဖြတ်ချက်အရ အဲဗာတန်ဟာ ၂၀၂၁-၂၂ ရာသီတုန်းက သုံးနှစ်အတွင်း PSR (အမြတ်နှင့် ရေရှည်တည်တန့်ရေးစည်းမျဉ်း)ချိုးဖောက်ထားကြောင်း တွေ့ရှိရပါတယ်။
ဘန်လေဟာ ယင်းသို့ အဲဗာတန်ရဲ့ စည်းမျဉ်းချိုးဖောက်မှုကြောင့် ၎င်းတို့ရဲ့ ပရီးမီးယားလိဂ်တွင် ဆက်လက်ရှင်သန်ရေး အခွင့်အလမ်းဆုံးရှုံးခဲ့ရတယ်လို့ ဆိုကာ နစ်နာကြေးတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ယခုအခါ ဘန်လေဟာ နစ်နာကြေး ပေါင် ၂၆ သန်းအပြင် နောက်ထပ် ပေါင် ၉ သန်း ထပ်မံ ရရှိလာတော့မှာ ဖြစ်ပါတယ်။
တဖက်တွင် အဲဗာတန်ကလည်း ပရီးမီးယားလိဂ်ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အား အယူခံဝင်ထားပါတယ်။
အဲဗာတန်ဟာ ဘန်လေကို ပေးလာရမဲ့ နစ်နာကြေးကို PSR စည်းမျဉ်းအောက်သို့ ထည့်သွင်းခြင်းခံလာရမှာ မဟုတ်ပါဘူး။
အဲဗာတန်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတုန်းက အမြတ်နှင့် ရေရှည်တည်တန့်ရေး စည်းမျဉ်းချိုးဖောက်ကြောင်း တွေ့ရှိရပြီးနောက် စွဲချက်တင်ခြင်းခံခဲ့ရကာ ၁၀ မှတ်အလျှော့ခံခဲ့ရပါတယ်။ အဲဗာတန်ဟာ အယူခံဝင်ခဲ့ရာမှာ ၆ မှတ်သို့ လျှော့ချခံခဲ့ရပါတယ်။
တဖက်တွင် အဲဗာတန်ဟာ ၂၀၂၁-၂၂ ရာသီအတွက် အမှတ်လျှော့ခံရသင့်တယ်ဆိုပြီး ငြင်းဆိုမှုများ ရှိနေပါတယ်။
၂၀၂၁-၂၂ ရာသီတုန်းက အဲဗာတန်ဟာ ၃၉ မှတ်ဖြင့် အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပြီး ဘန်လေက ၃၅ မှတ်ဖြင့် အဆင့် ၁၈ နေရာတွင် ရပ်တည်ကာ တန်းဆင်းခဲ့ရပါတယ်။
ဒါကြောင့်လည်း ဘန်လေက တန်းဆင်းခဲ့ရမှုအတွက် နစ်နာကြေး ရရှိရေး ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းရာသီတုန်းက လိဒ်မှာလည်း ၃၈ မှတ်ဖြင့် အဆင့် ၁၇ နေရာတွင် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ လိဒ်နှင့် အဲဗာတန်တို့အကြားတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက သဘောတူညီမှု ရရှိခဲ့ကြပြီး ဖြစ်ပါတယ်။